မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၃၀၂၇ ယောက်၊ ရောဂါကူးစက်ခံရပြီး သေဆုံးသူအယောက်၂၅၀ ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၈ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။
ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၉,၂၆၉ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃၀၂၇ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃၂ဒသမ၇ ရာခိုင်နှုန်းရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၄၉၈၄ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရက်တည်းသေဆုံးသူအရေအတွက်ကတော့ အယောက်၂၅၀ ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၁,၇၇၆ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၂၉,၅၁၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက မနေ့က ကြေညာထားပါတယ်။
နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၁၀ မြို့နယ်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။
နာမည်ကြီး အမျိုးသမီး အဆိုတော်တယောက်ဖြစ်တဲ့ တင်ဇာမော်နဲ့ မိခင်ဖြစ်သူ တို့ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ သိရပါတယ်။
Test Kit နဲ့ ကိုယ်တိုင်စစ်ဆေးကြည့်ချိန်မှာ ကူးစက်ခံထားရကြောင်း သိလိုက်ရတာ ဖြစ်ပြီး တင်ဇာမော်ကတော့ ကူးစက်ခံထားရတာ ၃ ရက်ရှိပြီဖြစ်ကာ သူ့ရဲ့မိခင်က ရောဂါကူးစက်ခံထားရတာ ၇ ရက် ရှိပြီလို့ ဆိုပါတယ်။
မိခင်ဖြစ်သူအတွက် တတ်နိုင်သမျှ အောက်ဆီဂျင်ကူညီပေးကြတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ကြောင်း တင်ဇာမော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားထားခဲ့ပါတယ်။
အသက် ၄၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်ဟာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ ဦးစောနုသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာပါ။
၁၉၉၅ ခုနှစ်မှာတော့ ‘စွဲလန်းမှုပြဿနာ’တကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီ နောက်အချိန် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြင်နာသူနှစ်ဦးဆုံနိုင်ရင်’ကတော့ သူ့ကို တင်ဇာမော်လို့ သိသွားစေခဲ့တဲ့ တေးအယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ ‘အချစ်ကျောင်းသူ’၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲခွေအဖြစ် ထွက်ရှိခဲ့တဲ့ ‘သုံးယောက်စကား’၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ ‘မျက်စိမှိတ်ပြီး ချစ်လိုက်ပါ’စတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။
အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော်’၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြယ်စင်လိုအချစ်များ’၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော် ၂’စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောက ကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့’အမည်နဲ့ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲနဲ့ အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြုကြရတဲ့ ‘Seven’ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ ပြီးခဲ့တဲ့ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ဒိုင်တဦးအနေနဲ့ ပါဝင် တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူ့ရဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ သတင်းအပေါ် အနု ပညာအသိုင်းအဝိုင်းကရော ပရိသတ်တွေကပါ အားပေးစကားပြော ဆုတောင်းပေးနေကြ တာကို တွေ့ရပါတယ်။