ထိုင်းနိုင်ငံတဝန်း ထိုးနှံပေးနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုတွေထဲက သန်း ၁၂၀ ကို လေ့လာရာမှာ ဘေးထွက်ဆိုးကျိုးဟာ အလွန့်အလွန်နည်းပါးတယ်လို့ ရောဂါထိန်းချုပ်ရေး ဌာန(ဒီဒီစီ)က ပြောပါတယ်။
ဒီဒီစီ လက်အောက် အရေးပေါ်ကျန်းမာရေးအန္တရာယ်နဲ့ ရောဂါထိန်းချုပ်ရေးဌာနခွဲမှ ဒါရိုက်တာ ဒေါက်တာ ချဝပ်ဆန်နမ်ဝပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်အထိ အစီရင်ခံတင် ပြထားတဲ့ ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတုံ့ပြန်မှုအရေအတွက်တွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
လေ့လာထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုပေါင်းသန်း ၁၂၀ ထဲမှာ Sinovac ကာ ကွယ်ဆေးထိုးနှံမှု ၂၆ ဒသမ ၄ သန်း၊ AstraZeneca ကာကွယ်ဆေးထိုးနှံမှု ၄၆ ဒသမ ၈ သန်း၊ Sinopharm ကာကွယ်ဆေးထိုးနှံမှု ၁၄ ဒသမ ၇ သန်း၊ Pfizer ကာကွယ်ဆေးထိုးနှံမှု ၂၇ ဒသမ ၆ သန်းနဲ့ Moderna ကာကွယ်ဆေးထိုးနှံမှု ၄ ဒသမ ၃ သန်းစီ အသီးသီးပါဝင်နေတယ်လို့ ဒေါက်တာ ချဝပ်ဆန်က ပြောပါတယ်။
အဲဒီထဲက လူ ၇၉ ယောက်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ဓာတ်မတည့်မှုဖြစ်ခဲ့ပြီး သူ တို့ထဲမှာ Sinovac ကာကွယ်ဆေးကြောင့် ၄၃ ယောက်၊ AstraZeneca ကြောင့် ၂၂ ယောက် ၊ Sinopharm ကြောင့် ၃ ယောက်နဲ့ Pfizer ကြောင့် ၁၁ ယောက်စီ အသီးသီး ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒေါက်တာ ချဝပ်ဆန်က ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးထိခိုက်ခံစားရသူတွေ ထဲ ၃၁ ယောက်ကတော့ နှလုံးရောဂါအခံရှိသူတွေဖြစ်ပြီး သူတို့ထဲမှာ Pfizer ကာကွယ် ဆေးကြောင့် ၂၉ ယောက်နဲ့ AstraZeneca နဲ့ Sinopharm ကာကွယ်ဆေးထိုးနှံမှုကြောင့် ၁ ယောက်စီ ထိခိုက်ခဲ့ရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် လူ ၆ ယောက်မှာတော့ သွေးခဲတဲ့ ရောဂါလက္ခဏာတွေ တွေ့ရှိခဲ့ရပြီး သူတို့ထဲက ၅ ယောက်ကတော့ AstraZeneca ကာကွယ်ဆေး ထိုးနှံခဲ့ကြသူတွေဖြစ်ပြီး ၁ ယောက်ကတော့ Pfizer ကာကွယ်ဆေးထိုးနှံခဲ့ တာလို့ ဆိုပါတယ်။
ထိုင်းအစိုးရအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာကနေ ဘေးထွက်ဆိုးကျိုးတွေကြောင့် သေဆုံးရတယ်ဆိုပြီး တိုင်ကြားစာ ၂,၀၈၁ စောင် လက်ခံရရှိခဲ့ပေမယ့် ၄ ခုကိုသာ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ၂ ယောက်ကတော့ သွေးခဲတဲ့ ရောဂါ လက္ခဏာတွေကြောင့်ဖြစ်ပြီး ၁ ယောက်ကတော့ ပြင်းထန်ရှော့ခ်ရရှိခဲ့ကာ နောက်ထပ် ၁ ယောက်ကတော့ ဆိုးရွားပြင်းထန် ဓာတ်မတည့်ရောဂါကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထပ် သေဆုံးသူ ၁၇၇ ယောက်ကတော့ နှလုံးရောဂါ၊ ဦးနှောက်တွင်း သွေးကြောပေါက်တဲ့ ရောဂါနဲ့ သွေးခဲတဲ့ ရောဂါတွေကြောင့်ဖြစ်ပြီး ၉၃၈ ယောက်ကတော့ အာရုံကြော စနစ်၊ အဆုတ်ရောင်ရောဂါနဲ့ တခြားအချက်တွေကြောင့် ဖြစ်တယ်လို့ဖော်ပြထားပြီး နောက်ခံအကြောင်းရင်းတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။