မွန်ပြည်နယ် ရေးမြို့ ရေးချောင်းတောင်မြစ်ကူး တံတားပေါ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်တွေကို စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲကျော်က လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရေးချောင်းတောင်မြစ်ကူးတံတားဘေးမှာ ညနေဈေးရောင်းချနေတဲ့ ဈေးရောင်းသူနဲ့ စျေးဝယ်သူတွေပါ ရုတ်ရုတ်သဲသဲဖြစ်ပြီး စစ်ကောင်စီတပ်တွေက သေနတ် နဲ့ ၁၀ ချက်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်တွေ့သူတဦး ပြောပါတယ်။
စျေးဝယ်သူ စျေးရောင်းသူတွေအပြင် တံတားပေါ်ကို ဖြတ်သန်းသွားလာနေကြတဲ့သူတွေပါ သေနတ်ပစ်ခတ်သံတွေ ကြားပြီး ချက်ချင်းရှောင်ပြေးကြသလို စစ်ကောင်စီတပ်တွေ လိုက်လံရှာဖွေနေတယ်လို့ ဒေသခံမျက်မြင်တဦးက ပြောပါတယ်။
ဘယ်အဖွဲ့က ဗုံးနဲ့ လာရောက်ပစ်ခတ်တယ်ဆိုတာနဲ့ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရှိခြင်း ရှိ မရှိ လက်တလော မသိရသေးပါဘူး။
အခု ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရေး PDF ကလည်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး။