close

ရေးမြစ်ကူးတံတား

close

March 28, 2023

ကျိုက်ထို မရမ်းချောင်းစစ်ဆေးရေးဂိတ်နှင့် ရေးမြစ်ကူးတံတား ကင်းစခန်း တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြဲတမ်းစစ်ဆေးရေး စခန်းကို  ဖက်ဆစ်တော်လှန်ရေးနေ့  မတ် ၂၇ ရက် မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်မှာ ဒေသခံ PDF အဖွဲ့က ဒရုန်းနဲ့ ဗုံး ၄ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မရမ်းချောင်း စစ်ဆေးရေးစခန်း တာဝန်ကျ  ဒုရဲမှူး ကျော်သန်းဝင်းနဲ့ ရဲတပ်သား ကျော်လင်းထွန်းတို့  မစိုးရိမ်ရ ဒဏ်ရာတွေ အသီးသီး ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မရမ်းချောင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရအပြီးမှာ မုပ္ပလင်လမ်းဆုံဂိတ်၊ မုပ္ပလင်ရဲကင်း စစ်တောင်းတံတား မုပ္ပလင်ဂျပန်ကျောင်းဘက်ကိုလည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့မနက် ၃ နာရီ ၅၅ မိနစ်ကလည်း သထုံမြို့နယ် ဒူးရင်းဆိပ်ရွာရှိ ကျားမနိုင်အနောက်ဘက် တာဝါတိုင်ကို PDF က ဒုံသမိချောင်းထဲကနေ စက်လှေနဲ့လာပြီး ရှော့တိုက်မိုင်း ထောင်ဖောက်ခွဲခဲ့ရာ တာဝါတိုင် ၄ တိုင် စလုံးကို မိုင်းထောင်ခဲ့ပေမဲ့  သံတိုင်တတိုင်သာ အောက်ခြေပြတ်သွားခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူက ပြောပါတယ်။

အလားတူ မွန်ပြည်နယ်၊ ရေးမြစ်ကူးတံတားရှိ  စစ်တပ်ကင်းစခန်းကိုလည်း  မတ် ၂၇ ရက် မနက် ၁၀ နာရီ ၄၀ မိနစ် လောက်က ရေးဘီးလူးအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က “ဒရုန်းဗုံးသီး တလုံးက စစ်ကောင်စီကင်းစခန်းကို ထိမှန်ခဲ့တယ်။ တပ်မတော်နေ့လည်း ဖြစ်တာကြောင့် စစ်ကောင်စီဘက်က အင်အားတွေ ဖြည့်တင်းထားတယ်။ သူ့တို့ဘက်က ထိခိုက် သေဆုံးမှုတော့ရှိနိုင်ပြီး ဒရုန်းပစ်ခတ်ခံရပြီးတာနဲ့ စစ်ကောင်စီဘက်က ကင်းပုန်းသမားတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေခဲ့တယ်”လို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်တပ်က ပြန်လည်ပစ်ခတ်ပေမယ့် ရေးဘီးလူးအဖွဲ့သားတွေကတော့ ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ပစ်ခတ်ပေါက်ကွဲသံတွေက ထပ်မံကြားရတယ်။ တံတားကြီးဘက် စစ်ဆေးရေး ဂိတ်ကိုတော့ လူတွေအသွားလာလည်း သိပ်မရှိကြဘူး။ ဒီနေ့လည်း လူတွေ အရင်ရက်တွေလို့ မသွားလာကြဘူး”လို့ ပြောပါတယ်။

ရေး မြစ်ကူးတံတားက ကင်းစခန်ကို ဒေသကာကွယ်ရေး တပ်တွေက မကြာခဏဝင်ရောက် ပစ်ခတ်လေ့ရှိပြီး လုံခြုံရေးလည်းတင်းကျပ်ထားတဲ့ စစ်ဆေးရေးဂိတ်တခုလည်း ဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

32 mins Ago

March 8, 2023

လောင်းလုံး၌ ရွာသားများ စစ်ဘေးရှောင်၊ ခရီးသည်တင်ယာဉ်ဖြင့် စစ်သားများ လိုက်ပါနေသဖြင့် ပြည်သူများစိုးရိမ်၊ ရေးမြစ်ကူးတံတားရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေ ဖြစ်တဲ့ ကရင်ကြီးကျေးရွာ၊ သဘော့ဆိပ်ကျေးရွာနဲ့ ပြင်ကြီးကျေးရွာတွေကို စစ်ကောင်စီတပ်က မတ် ၆ ရက်ကစပြီး လက်နက်ကြီးပစ်ခတ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ရွာသားတွေအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

မတ်လ ၆ ရက် မနက်က ကရင်ကြီးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဲဒီရွာတွေဘက်ကို ပင်လယ်ပြင်မှာရှိနေတဲ့ စစ်ကောင်စီ ရေတပ်သ​င်္ဘောကရော ထားဝယ်မြို့နဲ့ ၄ မိုင်လောက်သာဝေးတဲ့ တောင်ကြောပေါ်ကနေပါ အ‌မြောက်တွေနဲ့ နှစ်ဖက်ညှပ် ပစ်ခတ်ခဲ့တာပါ။

အဲဒီနောက်မှာတော့ အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီရွာ ၃ ရွာအပြင် အနီးအနားကျေးရွာတွေဖြစ်တဲ့ ကမ်းပနီ၊ ကျောက်ဆင်၊ မောင်းမကန်ကျေးရွာတွေ ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒီနေ့မနက်မှာတော့ ကရင်ကြီးကျေးရွာက နေအိမ် ၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

လက်ရှိ ရှောင်တိမ်းနေရတဲ့ သဘော့ဆိပ်ရွာခံ အမျိုးသမီးတဦးကတော့ ရွာအဝင်အထွက် လမ်းမတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေလို့ ပြန်မထွက်ရဲဘဲ တောတောင်တွေထဲ ပိတ်မိနေကြတဲ့ ရွာခံတွေရှိနေပြီး အခုထိလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒီကနေ့ နေ့လယ်က ဒီဗွီဘီကို ပြောပါတယ်။

“လက်နက်ကြီး စပစ်တဲ့နေ့ကဆို ကျမတို့ရွာထဲမှာ နှစ်လုံးပေါက်ကွဲတယ်။ မပေါက်ကွဲတာလည်း ရှိတယ်။ တခြားရွာတွေဘက်မှာလည်း ကျတယ်။ အခုက ရွာမှာ ဘယ်သူမှ မနေရဲကြတော့ဘူး။ အားလုံးနီးပါး ပြေးကုန်ပြီ။ တောထဲ ဝင်ပြေးသွားပြီး ပြန်မထွက်ရဲလို့ ပိတ်မိနေကြတာလည်း ရှိတယ်။”

၃ ရွာပေါင်း အိမ်ခြေ ၁,၀၀၀ ကျော်အထိရှိပြီး မြန်မာနိုင်ငံရဲ့ နာမည်ကြီး မောင်းမကန်ကမ်းခြေနဲ့ ၂ မိုင်လောက်သာဝေးတဲ့ အဲဒီရွာတွေက ရွာခံတွေဟာ ထားဝယ်မြို့ပေါ်နဲ့ ဆွေမျိုးတွေရှိတဲ့ တခြားရွာတွေမှာ သွားရောက်ခိုလှုံနေကြပြီး တောတောင်တွေထဲမှာ ​တိမ်းရှောင်နေကြရသူတွေလည်း ရှိပါတယ်။

လက်ရှိမှာတော့ အဲဒီရွာတွေရဲ့ အရှေ့ဘက်ခြမ်း တောင်ကြောတွေပေါ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒီနေ့မနက်ပိုင်းမှာတော့ အဲဒီရွာတွေဘက်ကို လာတဲ့ စစ်ကားတစီး ကျောက်ဆင်ကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးမြို့နယ်ရဲ့ အောက်ဘက်ခြမ်း ကျေးရွာ ၅ ရွာလောက်က ရွာခံ ၁,၀၀၀ ကျော်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရန်ကြောင့် ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကစပြီး တိမ်းရှောင်နေကြရပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်-ရန်ကုန် အဝေးပြေးလမ်းမတလျှောက်မှာတော့ စစ်ကောင်စီတပ်သားတွေက ခရီးသွားယာဉ်တွေပေါ်မှာ အရပ်သားဟန်ဆောင်ပြီး စီးနင်းလိုက်ပါနေတာကြောင့် စိုးရိမ်ထိတ်လန့်နေရတယ်လို့ ခရီးသွားပြည်သူတွေထံက သိရပါတယ်။

ခရီးသွားပြည်သူတဦးက “ကျနော် မြိတ်ကိုအပြန် မော်လမြိုင်ဘက်ကိုသွားမယ့် ခရီးသွားယာဉ်တွေပေါ်မှာ စကစတပ်သားတွေ ပါတာတွေနဲ့ ခရီးသွားယာဉ်နဲ့အတူ စကစရဲ့ စစ်ကားတွေ သွားနေတာ တွေ့ရတယ်။ ပုလောက်နားမှာလည်း မြိတ်ဘက်ကိုသွားမယ့် ခရီးသွားယာဉ် ၄ စီးပေါ်မှာ စစ်ကောင်စီတပ်သားတွေ ပါလာတာ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကားတွေက ခရီးသွားယာဉ်နဲ့ အတူတူကပ်လိုက်တာတွေနဲ့ စစ်ကောင်စီတပ်သားတွေက ခရီးသွားယာဉ်တွေအပေါ်မှာ လိုက်ပါစီးနင်းတာကြောင့် စစ်ကောင်စီလက်ထက်မှာ ယာဉ်မောင်းရတာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ လုပ်ကိုင်နေရတယ်လို့ ခရီးသွားယာဉ်မောင်းတဦးက ဆိုပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ တာဝန်ရှိသူတဦးက “ကျနော်တို့လည်း ဒေသခံပြည်သူတွေကို ခရီးသွားတာနဲ့ပတ်သက်ပြီး သတိပေးစာတွေ အမြဲတမ်း ထုတ်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပေးဖို့ တောင်းဆိုပါတယ်။ စကစက အရပ်သားဟန်ဆောင်ပြီး ခရီးသည်ကားပေါ်တွေမှာ လိုက်ပါလာတာကလည်း ပြည်သူတွေကို ဓားစာခံလုပ်တာနဲ့ အတူတူပဲ” လို့ ပြောပါတယ်။

“အခုချိန်မှာ ခရီးသွားရတာ အန္တရာယ်များတယ်။ မြိတ်ကနေ မော်လမြိုင်တလျှောက်အထိ စကစဘက်က စစ်တာဆေးတာတွေ အရမ်းများတယ်။ ကျနော်တို့ကားပေါ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာမှာလည်း ကြောက်နေရတယ်” လို့ ခရီးသွားပြည်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်စဉ် အများစုဟာ မြိတ်ခရိုင်နဲ့ ထားတယ်ခရိုင်အတွင်း မြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့ပြီး တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့နယ်တွေလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်ရှိ ရန်ကုန်-ရေး-ထားဝယ်-မြိတ် ကားလမ်းပေါ်က ရေး မြစ်ကူးတံတား စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို မတ် ၇ ရက် မွန်းလွဲ ၂ နာရီကျော်မှာ ရေးဘီလူးအဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

တံတားရဲ့ စစ်ဆေးရေးဂိတ်စခန်းအပေါ်ကို ၆၀ မမ အားပြင်းတဲ့ လက်လုပ်ခွင်းဗုံးသီးနဲ့ ဒရုန်းကနေ ပစ်မှတ်ကို ထိမှန်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး ရှိနိုင်ပြီး လက်ရှိ မြေပြင်အနေအထားအရ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုလကစတင်ပြီး စစ်ဆင်ရေးတွေ ဆက်လက်အရှိန်မြှင့်သွားမှာမို့ ပြည်သူတွေ လူစည်ကားတဲ့ နေရာမှာ မသွားကြဖို့၊ တော်လှန်ရေးမှာ ပါဝင်ပူးပေါင်းပေးကြဖို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထပ်မံတိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ရေးတံတားကြီး စစ်ဆေးရေးဂိတ်စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ထားပြီး စစ်ကောင်စီဘက်က ၁၅ ယောက်ကျော် ကျဆုံးထားတယ်လို့ ဆိုပါတယ်။

ရေးတံတားကြီး စစ်ဆေးရေးဂိတ်ဟာ ဒေသကာကွယ်ရေးတပ်တွေ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတင်းကျပ်ထားတဲ့ စစ်ဆေးရေးဂိတ်တခုလည်း ဖြစ်ပါတယ်။

3 weeks Ago
Up