မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အမြောက်တပ် အမှတ် ၃၁၆ ကင်းဂိတ်ကို အောက်တိုဘာ ၆ ရက် မနက်ပိုင်းက ၄၀၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ MSRO မှ တာဝန်ရှိသူက ပြောပါတယ်။
“စစ်တပ်ဘက်ကတော့ အထိအခိုက် အကျအဆုံး ရှိနိုင်တယ်။ လောလောဆယ်တော့ အတိအကျ မသိသေးဘူး။ ကင်းဂိတ်ထဲကို တချက်ပဲ ပစ်ခတ်ခဲ့တယ်။”
အဆိုပါ အမြောက်တပ် အမှတ် ၃၁၆ ကင်းဂိတ်ကို လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်ကလို့ ယူဆရတဲ့ ကားတစီးကြောင့် ဖျက်သိမ်းခဲ့ရပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အဆိုပါပစ်ခတ်အထဲမှာ ပါဝင်သူက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို MSRO အဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကတော့ သတင်းမထုတ်ပြန်သေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်နေ့ကလည်း အဆိုပါအမြောက်တပ်ရင်းက မာန်အောင်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ၆ ချက် ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဆိုင်ကယ်လုယက်မှုတွေ အခုရက်တွေမှာ စတင်ဖြစ်ပွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ဆိုင်ကယ်လုယက်ခံရသူတွေဟာ နေ့ခင်းဘက် မြို့ထဲမှာကို လူတွေ အသွားအလာနည်းတဲ့ နေရာတွေဘက်မှာ ဒီရက်ပိုင်း ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်တွေပါ လုယက်ယူဆောင်သွားခဲ့တယ်။ လူကိုလည်း အန္တရာယ်ပြုမှာစိုးလို့ ပေးလိုက်ရတာတွေ ရှိတယ်” လို့ ပြောပါတယ်။
အခုလို လုယက်မှုတွေ ပြန်ပြီး ဖြစ်ပေါ်လာတာက လူတွေ စားဝတ်နေရေး အလုပ်တွေ အဆင်မပြေကြသလို တခြား နယ်မြို့ဘက်တွေက ရွှေ့ပြောင်းလုပ်သားတွေလည်း အရင်ကထက် ပိုများလာတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အထဲ အများဆုံး လွတ်မြောက်လာသူတွေဟာ ခိုးဆိုးလုယက် မူးယစ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေဖြစ်ပြီး အဲဒီနောက်ပိုင်း မွန်ပြည်နယ် မြို့နယ်အသီးသီးမှာ ခိုး ဆိုး လုယက်မှုတွေ ဆက်တိုက် ဖြစ်ပေါ်လာနေခဲ့တာပါ။
အခုလို ခိုးဆိုးလုယက်မှုတွေ ဖြစ်ပွားလာနေပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ် အရေးယူဖို့ လျစ်လျူရှုထားပြီး ဖမ်းဆီးထားနိုင်တာလည်း မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ရေး-သံဖြူဇရပ် ကားလမ်းရှိ မော့ကနင်ကျေးရွာကြား ကားလမ်းမှာ ဇူလိုင် ၁ ရက်က အမျိုးသားတဦးတည်း မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစီးကို အမည်မသိ သေနတ်သမား ၆ ယောက်က ဓားပြတိုက်ပြီး ငွေ သိန်း ၅၀ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။