ရေး-မော်လမြိုင်ကားလမ်း၊ ရေးမြို့နယ် စံပြကျေးရွာနဲ့ မော့ကနင်ကျေးရွာအကြားမှာ သြဂုတ် ၁၆ ရက် ညနေ ၅ နာရီခွဲကစတင်ကာ ဒီနေ့ မနက်အထိ ကားလမ်းရေကျော်နေတာကြောင့် အိမ်စီးကား ရာနဲ့ချီ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံချောင်းဆုံရှိ မိုးက ဆက်လက် ရွာသွန်းနေတာကြောင့် အနိမ့်ပိုင်းက လူနေအိမ်တွေ ရေတွေ ဆက်လက်ဝင်ရောက်နေတာကြောင့် ရာချီ အိမ်တွေက လူ ၅၀၀ ထက်မနည်း ရေလွတ်ရာသို့ ပြောင်းရွှေ့ထားရပါတယ်။
ကားလမ်း ရေကျော်တာကြောင့် ကားကြီးတွေသာ သွားလာလို့ရပြီး အိမ်စီးကားတွေ၊ ကားငယ်တွေ ဖြတ်သန်းမရဘဲ ရေး-မော်လမြိုင်ကားလမ်းရှိ စံပြကျေးရွာနဲ့ မော့ကနင်ကျေးရွာကြားအပြင် နှီးပဒေါ နေရာမှာလည်း အိမ်စီးကားတွေ သွားမရဘဲ ပိတ်မိနေတယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
နှစ်ရက်အတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ မိုးရေချိန် ၆ လက်မမှ ၈ လက်မအတွင်း ရွာသွန်းမှာဖြစ်ပြီး အထူးသဖြင့် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ချောင်းဆုံ၊ ပေါင်၊ ကျိုက္ခမီ၊ သံဖြူဇရပ်၊ ကမာဝက်၊ ရေး၊ လမိုင်းဘက်မှာ ဖြစ်ပါတယ်။
လက်ရှိ ရေမြုပ်နေတဲ့ မြို့နယ် ရပ်ကွက်တွေက မိဘပြည်သူတွေ လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ထားစေချင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
ဒီနေ့လည်း မိုးဆက်ရွာပြီး ရေကြီးနေတာကြောင့် မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော၊ ချောင်းဆုံမြို့နယ်တို့ရှိ အနိမ်းပိုင်းက အိမ်ခြေ ၁၅၀ လောက် ရေဝင်နေပြီး လူဦးရေ ၅၀၀ ဝန်းကျင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေကို ယာယီပြောင်းရွှေ့နေရပါတယ်။
ဒါ့အပြင် ချောင်းဆုံနဲ့ ပေါင်မြို့နယ်ကတော့ လေပြင်းတိုက်ခိုက်ခံရတာကြောင့် လူနေအိမ် ၁ ဒါဇင်ကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ပြီး ရေကြီးရေလျှံမှုနဲ့ လေပြင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံး ရှိမရှိသေးတော့ မသိရသေးပါဘူး။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ပိန္နဲတောကျေးရွာအနီး သံဖြူဇရပ်-ရေး-ထားဝယ် လမ်းမကြီးမှာ ဇူလိုင် ၁ ရက် မနက်ပိုင်းလောက်က ခရီးသည်တင် Express ကားနဲ့ ဆီဘောက်ဆာကား တိုက်မှုဖြစ်ပွားခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
ခရီးသည်တင် မှန်လုံကားက ကျော်တက်ချိန် တဖက်ယာဥ်ကြောကလာတဲ့ ဆီဘောက်ဆာကားနဲ့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။
ဆီဘောက်ဆာကားယာဥ်မောင်းမှာ ညပ်နေတဲ့အတွက် ပေါင်ကျိုးထိခိုက်ဒဏ်ရာရရှိပြီး လူမှုကယ်ဆယ်ရေးအသင်းက သွားရောက်ကူညီကာ သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
မော်လမြိုင်-ရေးသွား ကားလမ်းမမှာ ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရသူ ၁ ဒါဇင်နီးပါးလောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။
အခုလို မိုးတွင်းကာလမှာ ယာဉ်မောင်းတွေအနေနဲ့ ကားကို သတိရှိစွာ မောင်းနှင်ကြဖို့ ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့နဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကိုလည်း လေးစားလိုက်နာကြဖို့ လူမှုကယ်ဆယ်ရေးသမားတွေက တိုက်တွန်းထားပါတယ်။