မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် ကားလမ်းရှိ ဝဲကလိနဲ့ သံဖြူဇရပ်ကြားက ကတုံစိရဲကင်းမှာ စက်တင်ဘာ ၉ ရက် မနက် ၂ နာရီလောက်က ရဲနှစ်ယောက် ပစ်သတ်ခံထားရတယ်လို့ ဒေသဆိုင်ရာ PDF သတင်းအရင်းမြစ်တွေက သိရပါတယ်။
အဆိုပါရဲကင်းဟာ ရေး-သံဖြူဇရပ်ကားလမ်းမှာ သွားလာနေတဲ့ယာဉ်တွေကို စစ်ဆေးပြီး ငွေတောင်းတာတွေ လုပ်နေတာကြောင့် အခုလို သုတ်သင်ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။
ဒေသခံပြည်သူတယောက်က “ဟုတ်တယ်၊ အေဒီရဲကင်းဂိတ်က မသင်္ကာရင် ကား၊ ဆိုင်ကယ်ပေါ်ကလူတွေ လက်နက်ခဲယမ်း ပါ မပါ စစ်ဆေးတာ ခံရလေ့ရှိခဲ့တာကြောင့် အခုလို အသတ်ခံရတာဖြစ်မယ်” လို့ ပြောပါတယ်။
အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ဒေသဆိုင်ရာ PDF တွေကလည်း အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်းမထုတ်ပြန်သေးပါဘူး။
ရေး-သံဖြူဇရပ် ကားလမ်းမှာတော့ စစ်ကောင်စီယာဉ် ကားတန်းတွေ မကြာခဏ ခြုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး ရှိနေပါတယ်။
စက်တင်ဘာ ၈ ရက် ည ၁၂ နာရီကျော်လောက်ကလည်း ရေးမြို့နယ် အောင်မင်္ဂလာ လူမှုကူညီရေး ပရဟိတ လူနာတင်ကား ၁ စီး မော်လမြိုင်မြို့ကနေ လူနာပို့ပြီး အပြန် သံဖြူဇရပ်၊ ပိန္နဲတောရွာအနီးမှာ မိုင်းဆွဲခံရပြီး သေနတ်ပါ ပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ရေး-သံဖြူဇရပ်ကားလမ်းရှိ ရွာသာအေးရွာနဲ့ ပိန္နဲတောကြားရွာမှာ ဇွန် ၉ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က စစ်ကောင်စီကား ၃ စီး ကြားဖြတ် ချုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်နယ်တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏ ကြားဖြတ်ချုံခိုတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားတွေမှာ သေဆုံးမှုမှာ ဒါဇင်နဲ့ချီ ရှိနေပြီး ဒဏ်ရာရသူတွေမှာလည်း အများပြား ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီးသေဆုံးဒဏ်ရာရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။
ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ခိုက်ခံရခြင်းကြောင့် ပတ်ဝန်းကျင်အနီးနားက ရွာသားတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသဆိုင်ရာ PDF၊ KNU ပူး ပေါင်းအဖွဲ့တွေ တိုက်ပွဲတွေထပ်မံဖြစ်လာမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။