စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ဝဲဟက် စခန်းကုန်း၊ အောင်သာယာ၊ အောင်စည်သာ၊ ထိန်းကူးရွာတွေက ရဲကင်းစခန်း ၄ ခုကို ဒေသတွင်း ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဧပြီ ၂၉ ရက်နေ့ မနက်မှာ တပြိုင်တည်း သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တော်လှန်ရေးနဲ့ နီးစပ်သေတဦးက "စစ်သားနဲ့ ရဲအသေအပျောက်များတဲ့အတွက် တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ YAK-130 နဲ့ မနက်ပိုင်း ၈ နာရီ ၂၆ မိနစ်လောက်က ဗုံးကြဲ တိုက်ခိုက်သွားတယ်" လို့ ပြောပါတယ်။
လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပေမယ့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေ အထိအခိုက်မရှိဘူးလို့ ဟုမ္မလင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ရေးသား ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ဗိုလ်ချုပ်သာအေး တည်ခဲ့တဲ့ ရွှေပြည်အေးမြို့သစ်ကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းအဖွဲတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။
မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာ ရဲကင်းစခန်းကို အောက်တိုဘာ ၁၇ ရက်နေ့ ညနေမှာ အမည်မသိ သေနက်သမားတွေ ဝင်ရောက်ပစ်ခတ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပစ်ခတ်တာပဲ ကြားတယ်၊ ဘယ်သူတွေ ဝင်ပစ်တာလဲမသိဘူး။ ရဲ ၃ ဦး ထိခိုက်ကျဆုံးတာပဲ ကြားရတယ်။ ပစ်တဲ့အဖွဲ့က ထိခိုက်တာ၊ လူတွေ ထိခိုက်တာ မကြားရသေးဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်မှုအပြီးမှာ ဇီးဖြူသောင်ကျေးရွာ အဝင်အထွက်လမ်း အားလုံးကို စစ်ကောင်စီတပ်ဘက်မှ ပိတ်ဆို့ထားပြီး လုံခြုံရေးပါ တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်မှာ ရဲစခန်းကို ပထမဆုံးအကြိမ် ဝင်ရောက် ပစ်ခတ်တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးလို သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ထပ်မံ အတည်ပြုချက်ရယူဖို့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။