ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ဘေးချင်းကပ်ရှိတဲ့ ဝေဘာဂီနယ်မြေ ရဲကင်းတို့ကို နိုဝင်ဘာ ၂၀ ရက် ည ၇ နာရီခွဲလောက်က ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဌ ရပ်ကွက်နေသူတဦးက “ည ၇ နာရီ၊ ၈ နာရီလောက်ဆို ရုံးဖွင့်နေကျ။ အဲ့အချိန်ပေါက်တာ။ ၇ နာရီ ၃၇ မိနစ်လောက် လူနာတင်ယာဉ်တွေ လာနေသံကြားတယ်။ စစ်ကား ၃ စီးနဲ့ ရဲကားတွေပါတယ်။ အခု ခြောက်ကွေ့ကနေ ရွှေပေါက်ကံအဝအထိ လမ်းပိတ်ထားတယ်။ ဆိုင်ကယ်နဲ့ လာပစ်သွားတာပါ” လို့ ပြောပါတယ်။
မြောက်ဥက္ကလာပ ဌ ရပ်ကွက်ရုံးရဲ့ ရပ်ကွက်လူကြီးတချို့ဟာ ရေဝေးသုသာန်ဘက်က စိုက်ပျိုးမြေတွေကို အကွက်ရိုက် ရောင်းစားနေပြီး ဧည့်စာရင်းတိုင်၊ ထောက်ခံစာလုပ်သူတွေက ရပ်ကွက်ရုံးရန်ပုံငွေ ပိုက်ဆံမပေးရင် အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။
မြောက်ဥက္ကလာမြို့နယ်၊ ဌ ရပ်ကွက်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက် ည ၉ နာရီကလည်း ရပ်ကွက်ရုံးထဲ အရပ်ဝတ်ရဲတွေ ရှိနေချိန် မြို့ပြပြောက်ကျားတပ်ဖွဲ့တခုက ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ၄ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့သလို အောက်တိုဘာ ၂၆ ရက်ကလည်း စစ်ကောင်စီရဲ့ ရဲဗလတံဆိပ်ရ ဌ ရပ်ကွက် ရာအိမ်မှူး စိုးစိုး ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
နိုဝင်ဘာ ၂၀ ရက် ညပိုင်း ဌ-ရပ်ကွက်ရုံး ဗုံးခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးမှုကို အတည်မပြုနိုင်သေးပါဘူး။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာရဲကင်းဟာ စခန်းလုံခြုံရေး မကောင်းတာ၊ ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးကြတာတွေကြောင့် စခန်းမှာ အစောင့်လောက်ပဲထားပြီး စခန်းခြံဝင်းကို သော့ခတ်ထားကာ ရဲကင်းစခန်း ဆိုင်းဘုတ်ကိုလည်း ဖြုတ်ထားရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မင်းတုန်းမြို့ခံတယောက်က “အခုရက်ပိုင်းတွေမှာ ပုသိမ်-မုံရွာလမ်းဘက်ကို PDF တွေ ဆင်းလာတယ်၊ စခန်းလုံခြုံရေး စိတ်မချရဘူးဆိုပြီး ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေကို မင်းတုန်းမြို့မ ရဲစခန်းကို ခေါ်ထားပြီး မဲဇလီကျေးရွာ ရဲကင်းစခန်းဝင်းကို ပိတ်ထားလိုက်တာ ၂ ရက် ၃ ရက်လောက် ရှိနေပါပြီ” လို့ ပြောပါတယ်။
မဲဇလီကျေးရွာရဲကင်းက အရင်က ဒုရဲအုပ်တယောက် အုပ်ချုပ်ပြီး တခြားအဆင့် ၇ ယောက်နဲ့ စုစုပေါင်း ၈ ယောက် ရှိခဲ့ရာက သရက်ခရိုင်ရဲမှူးအိမ်ကို တယောက်သွားစောင့်ပြီး မကွေးမြို့ကို တာဝန်နဲ့ ခဏလွှတ်လိုက်တဲ့ ဒုတပ်ကြပ် ဇော်မျိုးထွန်း၊ ရဲတပ်သား အေးချမ်းနဲ့ တပ်သားမောင်မောင်တို့ကလည်း မကွေးကနေ ထွက်ပြေးသွားတာကြောင့် ၄ ယောက်လျေ့ာပြီး အခုဆိုရင် ၄ ယောက်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။
မင်းတုန်းမြို့နယ်ရဲစခန်းမှာလည်း ထွက်ပြေးသွားတဲ့သူများပြီး စခန်းက တပ်သား လျော့နည်းနေသလို နေ့စဉ် မင်းတုန်းမြို့နယ် ရဲစခန်းကို အင်းအားသွားဖြည့်ပေးနေရတာကြောင့် စိတ်ညစ်နေကြကာ မကြာခဏ ထွက်ပြေးဖို့ပဲ ကြံနေကြတယ်လို့ မဲဇလီကျေးရွာရဲကင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။