ထိုင်းနိုင်ငံတောင်ပိုင်း ပတ်တနီခရိုင်မှာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမည်မသိ လက်နက်ကိုင်တွေက ဗုံးခွဲတိုက်ခိုက်မှုကြောင့် ပတ်တနီခရိုင် ဆိုင်းဘူရီရဲစခန်းက ရဲအရာရှိ အပါအဝင် ရဲ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် The Thaiger သတင်းဌာနက ဖော်ပြထားပါတယ်။
ဧပြီ ၁၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာ ဆိုင်းဘူရီရဲစခန်းက ရဲအရာရှိအပါအဝင် အင်အား ၁၁ ယောက်၊ ကား ၂ စီးနဲ့ နယ်မြေလုံခြုံရေးအတွက် ဘန်ခိုလမ်းဘက်ကို ကင်းလှည့်ဆောင်ရွက်နေစဥ် ဘန်းပတောင်-ဘန်ခိုလမ်းထဲမှာ ဗုံးခွဲတိုက်ခိုက်ခံရတာပါ။
ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆိုင်းဘူရီခရောင်းပရင့်စ်ဆေးရုံကို ပို့ဆောင်ထားပြီး ထိခိုက်ခဲ့သူတွေမှာ ရဲအုပ် ကစ်ခ္ထီခွန်ဖောင်ပိ့ထ်၊ ရဲအရာခံဗိုလ် အနွမ်ဝမ်သောင်၊ ရဲတပ်ကြပ်ကြီး တီယာနပ်ပင်နော့ခ်၊ ရဲတပ်ကြပ် စူခွန်လိုင်ချမ်း၊ ရဲတပ်ကြပ် စံယမက္မွန်းနဲ့ ရဲတပ်ကြပ် ဆန်ခချီချိုတို့ ပါဝင်ပြီး ကျန် ၃ ယောက်ကို အတည်ပြုဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ယာလခရိုင်ထဲက ရဲစခန်းတခု တိုက်ခိုက်ခံခဲ့ရပြီး ရဲမှူးတဦးနဲ့ စုံစမ်းရေးမှူးနှစ်ဦးတို့ သေဆုံးခဲ့ပါတယ်။
၂၀၂၂ နိုဝင်ဘာလထဲမှာလည်း နရာသီဝပ်ခ်ခရိုင်ရဲစခန်းမှာ ရဲကား ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိတဦးသေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
အလားတူဖြစ်စဥ်မျိုးတွေ ၂၀၀၄ ခုနှစ်က ထိုင်းတောင်ပိုင်း ပတ်တနီခရိုင်၊ ယာလခရိုင်၊ နရာသီဝပ်ခ်ခရိုင်နဲ့ ဆောင်ခလခရိုင်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာတွေရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ့်ချန်မြို့နယ် ချင်းရိုင်-ချင်းဆည်န် ကားလမ်းပေါ်မှာ မတ်လ ၁၆ ရက် ဒီနေ့မနက်အစောပိုင်းက ရဲကားနဲ့ မီးတိုင်တွေတင်လာတဲ့ ကုန်တင်ယာဥ်တစီး တိုက်မိပြီး ရဲအရာရှိ ၃ ယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မယ့်ချန်မြို့နယ်၊ ဘိုကန်းကျေးရွာအနီးမှာ ဒီမနက်အစောပိုင်းက တိုက်မိတာဖြစ်ပြီး မီးတိုင်တွေသယ်ဆောင်လာတဲ့ ကုန်တင်ယာဥ်က အနည်းငယ်သာ ပျက်စီးခဲ့ပေမဲ့ ရဲကားကတော့ လုံးဝကိုပျက်စီးသွားပြီး ရဲအရာရှိ ၂ ယောက် နေရာတင် ပွဲချင်းပြီးသေဆုံးကာ နောက်ထပ် တစ်ယောက်ကတော့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဆိုပါ ရဲကားပေါ်မှာ လိုက်ပါလာတဲ့ ရဲမှူး ရူန်းဂရစ်သုဝခမ်နဲ့ ရဲမှူးစီရီကန်တာတို့ဟာ အခင်းဖြစ်ရာနေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ်ရဲမှူးတဦးဖြစ်တဲ့ ဖိချရဖွန်ချန်တာကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ယာဥ်တိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေပြီး လတ်တလောမှာတော့ ကုန်တင်ယာဥ်နဲ့ ရဲကား တိုက်မိခဲ့တဲ့အတွက် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လမ်းရှင်းနေတယ်လို့ သိရပါတယ်။