close

ရဲစခန်းမှူး

close

February 8, 2023

ကလေးမြို့နယ်၌ စစ်တပ်က ရွာမီးရှို့၊ ကလေး-ဂန့်ဂေါနယ်စပ်တိုက်ပွဲအတွင်း ရဲစခန်းမှူးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အင်းကျော်ကျေးရွာကို ဖေဖော်ဝါရီ ၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ စစ်ဌာနချုပ်က စစ်ကောင်စီတပ်သားတွေနဲ့ တောင်အူကျေးရွာက ပျူစောထီး ပူးပေါင်းအဖွဲ့ အင်အား ၁၀၀ ခန့်ဟာ တောင်အူရွာမြစ်ဆိပ်ကနေ အင်းကျော်ကျေးရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ရဲ့ ထိုးစစ်ဆင်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ ၈၀၀ ဝန်းကျင်ရှိတဲ့ အင်းကျော်ရွာက ဒေသခံတွေလည်း ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး မီးရှို့ဖျက်ဆီးခံတဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

အင်းကျော်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုနဲ့ပတ်သက်ပြီး ကလေးနယ်က ဒေသခံ ကိုဆလိုင်းဗန်ထောင်ဘိတ်က “သူတို့က ထုံးစံပဲ၊ တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့မှုမပေးနိုင်အောင် စားနပ်ရိက္ခာ၊ နေစရာ ဘာမှမကျန်အောင်လုပ်ရင် သူ့ဒုက္ခနဲ့သူဆိုတော့ မကူညီနိုင်တော့ဘူးလို့ တွက်တာပေါ့။ သူတို့က သူတို့မသိတာက အဲ့လိုလုပ်လို့ နာကျည်းပြီး တော်လှန်ရေးဘက် လုံးလုံးပါဝင်လာကြတာကိုပဲဗျ။ သူတို့အထိနာလေ ရွာမီးရှို့ အိမ်ရှို့ လူသတ် ပိုပိုလုပ်လေပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အင်းကျော်ကျေးရွာဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာတွေဖြစ်တဲ့ တောင်အူရွာ၊ ပျဉ်သာရွာနဲ့ နီးကပ်နေတဲ့ ကျေးရွာတရွာဖြစ်ပြီး အရင်နှစ်ကလည်း စစ်ကောင်စီတပ်က သုံးကြိမ်တိုင် မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံနေအိမ် ၂၀ ကျော် မီးလောင်ဆုံးရှုံးထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်အစပ်မှာ ဖေဖော်ဝါရီ ၆ ရက်က စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရဲစခန်းမှူးတယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-ကလေး၊ ကဘော်၊ ဂန့်ဂေါ CDF-KKG ကနေ သိရပါတယ်။

CDF-KKG ပြန်ကြားရေးတာဝန်ခံက “ကလေးမြို့နယ်တောင်ပိုင်းမှာ တပ်စွဲထားတဲ့ ရန်ကြီးအောင်စခန်းက စစ်(...)တွေ၊ မြောက်စည်းရဲစခန်းက ရဲ(...)တွေနဲ့ ပျူ(...) အင်အား ၂၀ လောက်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာ တပ်ချိန်းဖို့ ဂန့်ဂေါမြို့ဘက်ကို ခြေလျင်ထွက်လာတဲ့အချိန် ချင်းကင်းရွာနားမှာ ကျနော်တို့ဘက်က ရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ မြောက်စည်းရဲစခန်းမှူး ရဲအုပ်ဟန်ထက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရတယ်လို့ဆိုပါတယ်။

“အဲဒီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေချိန်မှာလည်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ပျူစောထီးရွာတွေက စစ်(...)၊ ပျူ(...) အင်အား ၁၀၀ လောက်ဟာ ကမ္ဘားနီတံတားပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ကူကာ နှစ်ဖက်ညှပ်တိုက်ခဲ့ပေမဲ့ ကျနော်တို့ဘက်ကရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြပြီး အဲဒီစစ်(...) တွေလည်း အထိနာပြီး မွန်းလွဲ ၂ နာရီလောက်မှာ သူတို့တပ်စွဲထားတဲ့နေရာကို ပြန်ဆုတ်သွားကြတယ်။”

ကလေးမြို့နယ်တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတို့ဟာ ပြည်ထောင်စုလမ်းမကြီး အတိုင်း နယ်နိမိတ်ချင်းထိစပ်နေပြီး မြို့နယ်ချင်းဆက် ကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲထားပြီး ဒေသခံပြည်သူတွေကို စစ်သင်တန်းပေးကာ လက်နက်တွေ တပ်ဆင်ပေးထားတာကြောင့် ပျူစောထီးတွေ များပြားနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

13 hours Ago

November 19, 2022

ချောင်းဦးမြို့မရဲစခန်းမှူးလိုက်ပါလာသည့်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ - ချောင်းဦးလမ်းပိုင်းမှာ ချောင်းဦးမြို့မရဲစခန်းမှူးလိုက်ပါလာတဲ့ အိမ်စီးကားကို နိုဝင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ Brave Heart Army  (BHA) က ပြောပါတယ်။

ရဲစခန်းမှူး လိုက်ပါလာတဲ့ Mark-II အိမ်စီးကားဟာ ချောင်းဦးမြို့မရဲစခန်းကနေ ထွက်ခွာလာရာ လမ်းပိုင်းမှာ ပဒေသာမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Brave Heart Army  (BHA) တာဝန်ရှိသူက  "သတင်းရလို့ ကြိုစောင့်တိုက်ခိုက်တာပါ။ ကားကို မိုင်းစထိမှန်ပြီး ပျက်စီးသွားတာ တွေ့လိုက်ရတယ်။ ပျက်စီးပေမဲ့ ကားမရပ်ဘူး။ တန်းမောင်း ပြေးတာ။ မုံရွာမြို့အဝင်က မအူစစ်ဆေးရေးဂိတ်ထဲ ဝင်သွားတယ်လို့ သိရတယ်" လို့ ပြောပါတယ်။

မိုင်းစထိမှန်သွားတဲ့အတွက် ကားဟာ ဘီးပေါက်ကာ မှန်တွေလည်း ကွဲခဲ့ပြီး လိုက်ပါလာတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ ထိခိုက်သေဆုံးနိုင်ပေမဲ့ အခြေနေအသေးစိတ်ကို အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

‌နိုဝင်ဘာ ၁၇ ရက်ကလည်း မုံရွာ - ချောင်းဦးလမ်းပိုင်းရှိ မင်းရွာနဲ့ မြေနဲကျေးရွာကြားမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့တွေကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့ပါတယ်။

3 months Ago
Up