ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးနဲ့ ဒေသခံစီးပွားရေးလုပ်ငန်းရှင် နှစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံပြည်သူ ၂၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်မှာတော့ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးဖြစ်သူ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးကို အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “PDF ထောက်ပံ့လို့ဆိုပြီး ဖမ်းတာ၊ အယောက် ၂၀ ကျော်လောက်ရှိတယ်။ ကျန်တဲ့သူတွေကိုတော့ စစ်နေတုန်း။ ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးရယ် လုပ်ငန်းရှင် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးရယ် သူတို့ ၃ ယောက်ကိုတော့ အကြမ်းဖက်မှုဥပဒေနဲ့ အမှုဖွင့်လိုက်ပြီ” လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တဦးရဲ့ ဇနီးဖြစ်သူ မကေသီဝင်းနဲ့အတူ ဒေသခံလုပ်ငန်းရှင်တွေဖြစ်တဲ့ မဆွေဆွေလှိုင်နဲ့ ကိုမျိုးမျိုး ဆိုသူကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၅၂ (က) တို့နဲ့ အမှုဖွင့်လိုက်တာပါ။
ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအမျိုးသမီး တဦးကိုလည်း ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းက PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-(ည) နဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့ပါသေးတယ်။
ဧရာဝတီတိုင်းအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးပြုလုပ်မယ့် သင်္ကြန်ပွဲတော်အတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေကိုပါ သင်္ကြန်ယိမ်းတိုက်ခိုင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
နှစ်တိုင်း သင်္ကြန်ယိမ်းအကတိုက်ရာမှာ ရဲတပ်ဖွဲ့ဝင်ဇနီးတွေ ပါဝင်လေ့မရှိပေမယ့် ဒီနှစ်မှာ အာဏာသိမ်း စစ်ကောင်စီကောင်စီက အတင်းအကျပ် သင်္ကြန်ပွဲပြုလုပ်ဖို့ ဖိအားပေးတာကြောင့် အင်အားမလုံလောက်လို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေကိုပါ သင်္ကြန်ယိမ်းအတွက် အကတိုက်ခိုင်းနေတာလို့ ရဲတပ်ဖွဲ့ အသိုင်းဝိုင်းက သိရပါတယ်။
“နှစ်တိုင်းက အမျိုးသမီးတပ်ဖွဲ့ဝင်ပဲ ကရတာ၊ ဒီနှစ် အင်အားမလောက်တော့ သူတို့ပါ ကရမယ်ဆိုပြီး လူကြီးတွေက စီစဉ်တာ။ ပင်ပန်းလာတဲ့အခါတော့ တိုးတိုးကြိတ်ဆဲနေတာပေါ့။ သူကြောင့် ဒီလိုတွေဖြစ်ရတာဆိုပြီး မအလကိုပြောတာ” လို့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးတဦးက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေ အကတိုက်ရချိန်မှာ ကလေးမရှိတဲ့ သူတွေက အဆင်ပြေပေမယ့် ကလေးရှိတဲ့ မိသားစုတွေက အိမ်အလုပ်တွေ မပြီးလို့ လိုင်းခန်းမှာ ဆဲဆိုရန်ဖြစ်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးဖြစ်သူတွေကိုပါ ခုလိုမျိုး ခေါ်ခိုင်းတာဟာ ကျွန်ဝယ်ရာ အဆစ်ပါဆိုတဲ့ မြန်မာစကားပုံ အတိုင်းဖြစ်နေပြီး မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။