close

ရဲတပ်ဖွဲ့ဝင်ဟောင်း

close

October 19, 2022

လောင်းလုံးတွင် ရဲတပ်ဖွဲ့ဝင်ဟောင်းတဦး ပစ်ခတ်ခံရပြီး သေဆုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာမှာ အောက်တိုဘာ ၁၈ ရက်၊ မနက် ၅ နာရီခွဲလောက်က အငြိမ်းစား ရဲတပ်ဖွဲ့ဝင်ဟောင်းတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးမြို့မရဲစခန်းမှာ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာမသိမ်းခင် တနှစ်လောက်က ပင်စင်ယူခဲ့တဲ့ အသက် ၆၀ အရွယ် ရဲအရာခံဗိုလ်ဟောင်း ဦးချိုလွင်ဟာ လောင်းလုံးမြို့ နဲ့ ကပ်လျက် သဗျာကျေးရွာအတွင်း ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ ဆိုင်ကယ်မောင်းနှင်နေစဥ် အခုလို ပစ်ခတ်ခံခဲ့ရတာပါ။

ဦးချိုလွင်ဟာ ​နေ့တိုင်းနီးပါး မနက်အစောပိုင်းမှာ မုန့်လိုက်ပို့လေ့ရှိပြီး အခုပစ်ခတ်ခံရတာကလည်း မုန့်လိုက်ပို့နေတဲ့အချိန်မှာဖြစ်နိုင်တယ်လို့ လောင်းလုံးမြို့ခံတဦးက ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးချိုလွင်ဟာ စစ်ကောင်စီသတင်းပေးလုပ်တဲ့အပြင် ပျူစောထီးသင်တန်းအတွက် စည်းရုံးရေးလုပ်ပေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

ဦးချိုလွင်ရဲ့ သမီးဖြစ်သူ CDM ကျောင်းဆရာမကတော့ အဲဒီထုတ်ပြန်ချက်ဟာ မဟုတ်မမှန် စွပ်စွဲပြောဆိုထားတာလို့ ဒီဗွီဘီကို ပြောပါတယ်။

လောင်းလုံး PDF ထုတ်ပြန်ချက်မှာတော့ တပ်ကြပ်ကြီးဟောင်းလို့ရေးထားပေမယ့် ဦးချိုလွင်ဟာ ရဲအရာခံဗိုလ်ရာထူးကနေ ပင်စင်ယူခဲ့တာလို့ သမီးဖြစ်သူက ပြောပါတယ်။

“ကျမကိုယ်တိုင် CDM ဝင်ပြီး တော်လှန်ရေးမှာ ပါဝင်နေတာ၊ အခုတော့ အဖေရော အလုပ်ရော နှစ်ခုစလုံး ဆုံးရှုံးရတာပဲ။ ကျမအဖေ သူတို့ စွပ်စွဲသလိုမဟုတ်တာ တော်တော်များများသိတယ်၊ ပင်စင်လည်းယူထားပြီးပြီပဲ၊ သူဟာသူ ပုံမှန်ပဲနေနေတာ။”

ရဲတပ်ဖွဲ့ဝင်ဟောင်း ဦးချိုလွင်ဟာ စစ်တပ်အာဏာသိမ်းပြီး ရဲတပ်ဖွဲ့ကနေ တာဝန်ပေးတာတွေရှိပေမယ့် လက်ခံခဲ့ခြင်းမရှိခဲ့ဘူးလို့ နီးစပ်သူတွေကပြောပါတယ်။

လောင်းလုံးမြို့ခံတချို့ကလည်း ဦးချိုလွင်ဟာ ရဲစခန်းကို ဝင်ထွက်သွားလာတာမျိုးရှိပေမယ့် စစ်ကောင်စီသတင်းပေးလုပ်တာ၊ ပျူစောထီးသင်တန်းအတွက် စည်းရုံးရေးလုပ်တာမျိုးကိုတော့ မကြားဖူးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ဦးချိုလွင် ပစ်ခတ်ခံရပြီး သေဆုံးတဲ့အချိန် လောင်းလုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ လောက်​ ရောက်ရှိနေပေမယ့် လာရောက်စစ်ဆေးတာမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

9 mins Ago

June 9, 2022

အမ်းမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်ဟောင်း အုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရပြီး သေဆုံး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇွန် ၉ ရက် မနက် ၉ နာရီကျော်လောက်က ဓားထိုးခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမ်းဒေသခံတဦးက “သူက ဒီနေ့မနက် ၉ နာရီကျော်မှာ စစ်မှုထမ်းဟောင်းရုံးနဲ့ စွယ်တော်ဘုန်းတော်ကြီးကျောင်းအကြားမှာ ဓားထိုးခံလိုက်ရတာ” လို့ ပြောပါတယ်။

သေဆုံးသွားသူဟာ အမှတ် ၅ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက် ၂ ခုကို အုပ်ချုပ်နေတဲ့ အသက် ၃၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးပိုင်ပိုင် ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“သူက ရဲလည်းလုပ်ခဲ့ဖူးတယ်။ တပ်နဲ့လည်း အဆက်အသွယ်ရှိတယ်။ ခရိုနီလုပ်ငန်းရှင်တွေနဲ့လည်း အဆက်အသွယ်ရှိတယ်ဆိုတော့ ဘာကိစ္စနဲ့ အသတ်ခံရသလဲ ဆိုတာတော့ မပြောတတ်ဘူး” လို့ ဒေသခံတွေက ပြောပါတယ်။

ဓားထိုးတဲ့တရားခံကတော့ ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးရရေးအတွက် ကြိုးပမ်းနေတယ်လို့ အမ်းမြို့နယ်ရဲစခန်းက သိရပါတယ်။

4 months Ago
Up