မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧပြီ ၂၈ ရက် မနက်က ရေပန့်လာပြုပြင်တဲ့ ရဲတပ်သားတယောက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပကဖအဖွဲ့ကနေ သိရပါတယ်။
မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းကနေ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ကို ရေပန့်လာပြင်တဲ့ ရဲတပ်သား ချင်းလေးကို မနေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်က ကမ္မ-မြိုင် လမ်းဆုံနားမှာ ပခုက္ကူမြိုနယ်ပကဖ တပ်ခွဲ(၁)က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပခုက္ကူမြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ အတီးက ပြောပါတယ်။
“အဲဒီရဲတပ်သား ရေပန့်သွားပြင်မှာကို သတင်းတချက်ထောက်ကာ အသေချာစောင့်ပြီးတော့မှ ဆိုင်ကယ်နဲ့ထွက်လာတဲ့အချိန် ကျနော်တို့ ပစ်ခတ်ရှင်းလင်းလိုက်လို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးတာဗျ။သူကတော့ အသက် အသက် ၂၃ နှစ်လောက်ရှိပြီး ဘာလက်နက်ခဲယမ်းမှ ပါမလာဘူး။”
ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ပျူစောထီးကျေးရွာကိုလည်း ဧပြီ ၂၃ ရက်က ပခုက္ကူမြို့နယ် ပကဖနဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းပြီး ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာရှိ စစ်ကောင်စီ မရမ်းချောင်း အမြဲတမ်းစစ်ဆေးရေးဂိတ်ကို မတ် ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။
ဌာနပေါင်းစုံပါဝင်တဲ့ စစ်ကောင်စီ မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ ဗုံးသီးလေးလုံးဟာ စစ်ဆေးရေးဂိတ် အဆောက်အဦနဲ့ ယာဉ်သွားယာဥ်လာ မရှိသေးတဲ့ ယာဉ်စစ်ဆေးတဲ့ နေရာအပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဆိုပါတယ်။
တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အနီးပတ်ဝန်းကျင် နေရာတချို့ကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ် ထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ တာဝန်ကျ ဒုရဲမှူး ကျော်သန်းဝင်းနဲ့ ရဲတပ်သား ကျော်လင်းထွန်းတို့ (မစိုးရိမ်ရ) ဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့ ဝါဒဖြန့်ပါတယ်။
မရမ်းချောင်စစ်ဆေးရေးဂိတ်ဟာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ကားတွေကို ငွေကြေးအဆမတန် တောင်းခံတာနဲ့ ခရီးသွားပြည်သူတွေကို မကြာခဏ ရိုက်နှက်နှိပ်စက်တာတွေ ဆက်တိုက်ကျူးလွန်နေတာပါ။