သီရိလင်္ကာနိုင်ငံတလွှား သမ္မတနုတ်ထွက်ရေး ဆန္ဒပြနေကြတဲ့ တက္ကသိုလ်တွေရဲ့ ဆေးကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ မေ ၂၉ ရက်က ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
မြို့တော် ကိုလံဘိုက သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာရဲ့ တရားဝင် အိမ်တော်အနား အတားအဆီးတွေကို ကျောင်းသားတွေက ချိုးဖျက်ဖို့ ကြိုးစားခဲ့လို့ ရဲတွေက ရေအမြောက်တွေ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။
သမ္မတ ရာထူးက နုတ်ထွက်ဖို့နဲ့ မကြုံစဖူး စီးပွားရေး အကျပ်အတည်းအတွက် တာဝန်ယူဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။
လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ နောက်ပိုင်း အဆိုးဆုံး စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရတာပါ။
နိုင်ငံခြားငွေ ဆိုးဆိုးရွားရွား ပြတ်လပ်နေလို့ လောင်စာနဲ့ ဆေးဝါးလို မရှိမဖြစ် ကုန်စည်တွေ အပါအဝင် သွင်းကုန်တွေ ဆိုးဆိုးရွားရွား ပြတ်လပ်နေပါတယ်။
နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်နေတဲ့ သူတွေရဲ့ ပြန်ပို့ငွေနဲ့ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေရတဲ့ သီရိလင်္ကာနိုင်ငံဟာ လူကြိုက်များရေး ဝါဒကြောင့် အခွန်လျှော့ချခဲ့ချိန်မှာ ယူကရိန်းစစ်ပွဲကြောင့် လောင်စာစျေး တက်တာနဲ့ ကိုဗစ်-၁၉ ကပ်ဘေးတို့ကြောင့် ခုလို အခြေအနေအထိ ဆိုက်ခဲ့ရတာပါ။
မတ်လ နှောင်းပိုင်းတည်းက ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး သမ္မတနဲ့တကွ သူ့ရဲ့ မိသားစုဝင် ၁၂ ယောက်ပါတဲ့ အစိုးရက တိုင်းပြည်ရဲ့ စီးပွားရေးကို တလွဲစီမံခဲ့တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲ ထားပါတယ်။