ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်ထဲက ရေခဲချောင်းရောင်းသူတယောက်ကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ရဲတပ်သားကို အရေးယူပေးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြခဲ့ပေမဲ့ ရက် ၂၀ ကျော်ကြာ အခုအချိန်ထိ ဆောင်ရွက်မပေးသေးဘူးလို့ သေဆုံးသူရဲ့ သူငယ်ချင်းတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့က ကျေးရွာတွေကို လှည့်လည်ရေခဲချောင်းရောင်းသူ ဦးခင်မောင်ဆွေကို လေးမျက်နှာရဲကင်းစခန်းက ဖမ်းဆီးခဲ့ပြီး လမ်းမှာပဲ ရဲတပ်သားတယောက်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။
“သူက ရေခဲချောင်းရောင်းဖို့ ခါတိုင်းလိုပဲ သွားနေကျ ဇရက်လှရွာဘက်ကနေ အပြန်လမ်းမှာ လေးမျက်နှာရဲကင်းစခန်းက ဖမ်းဆီးလိုက်တာပါ။ လမ်းမှာ ရဲက ငွေတောင်းတော့ သူက မပေးနိုင်ပါဘူး။ အဲ့ဒိမှာ လေးမျက်နှာ ရဲကင်းစခန်းကို ခေါ်ဆောင်သွားရင်း လမ်းခုလပ်မှာ အပေါ့ သွားချင်လို့ ခွင့်တောင်းတာကို ခွင့်မပေးဘဲ ရဲတပ်သား၊ ဇော်လင်းထွန်း ဆိုသူက သေနတ်နဲ့ ပစ်သတ် လိုက်တာပါ။ နောက် အလောင်းကိုလည်း ပြန်ယူခွင့်မပေးဘူး။ အဲဒီနေ့က ရွာသုဿန်မှာ သင်္ဂြိုဟ်ဖို့ စီစဥ်ထားပြီးသား၊ အဲ့ဒါကို အလောင်းပြန်မပေးဘူး။ ဇီးကုန်း မြို့ပေါ်မှာပဲ ရင်ခွဲရုံကနေ ဖြစ်သလို သင်္ဂြိုဟ်လိုက်ရတယ် " လို့ မိသားစုဝင်တယောက်က ပြောပါတယ်။
အသုဘ ရက်လည်ပြီးနောက် ဇီးကုန်းမြို့ မိုးကောင်းကျောင်းတိုက်က ဘုန်းကြီးဦးဉာဏ ၁ သိန်းနဲ့ ဇီးကုန်းထွေအုပ် ၃ သိန်း လာရောက်လှူဒါန်းခဲ့ပြီး ရဲစခန်းက ငွေ ၄ သိန်းပေးတာကိုတော့ လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။
“သူတို့နဲ့အတူ လေးမျက်နှာ ရဲစခန်းကပါ ငွေ ၄ သိန်းထည့်ပေးလိုက်တယ်ဆိုပြီး ယူလာပါတယ်။ ကာယကံရှင်တွေက ရဲစခန်းကပေးတဲ့ ငွေ ၄ သိန်းကိုလက်မခံပဲ ဘုန်းကြီးနဲ့ ထွေအုပ်က ပေးတဲ့ ကူငွေကိုပဲ လက်ခံ လိုက်တယ်” လို့ မိသားစု၀င်က ပြောပါတယ်။
အဲ့ဒီ လူသတ်မှုအတွက် ဇီးကုန်းမြို့နယ်ထွေအုပ်က ဗိုလ်မှူးကို အကြိမ်ကြိမ် သွားရောက်တိုင်ကြားခဲ့ပေမဲ့ ရက် ၂၀ ကြာတဲ့အထိ အရေးယူဆောင်ရွက်တာမရှိသလို အဲ့ဒီတပ်သားဟာလည်း ဆက်လက်တာ၀န်ထမ်းဆောင်နေတာ တွေ့နေရတယ်လို့ ဇီးကုန်းမြို့နေသူတယောက်က ပြောပါတယ်။
အသက် ၅၂ နှစ်အရွယ် ဦးခင်မောင်ဆွေဟာ နှစ်ပေါင်းများစွာ ဆိုင်ကယ်အစုတ်ကလေးနဲ့ ဒေသတွင်း ကျေးရွာတွေမှာ လှည့်လည်ကာ နှစ်ပေါင်းများစွာရေခဲချောင်းရောင်းပြီး မိသားစုကို ရှာဖွေကျွေးမွေးခဲ့သူဖြစ်ပြီး ပစ်သတ်ခံရတာကြောင့် ကျန်ရစ်သူ သမီးနဲ့ ဇနီးဖြစ်သူတို့ အခက်အခဲ ကြုံနေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ ကလည်း ဇီးကုန်းမြို့နယ်ထဲက လူငယ် ၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၃ ရက်အကြာမှာ အဲ့ဒီအထဲက တယောက်ဖြစ်တဲ့ ကိုဇေယာဖြိုးကို စစ်ကြောရေးမှာ သတ်ပစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်န၀ါရီ ၁၄ ရက်နေ့ကလည်း ဇီးကုန်းမြို့နယ်နဲ့ကပ်လျက် နတ်တလင်းမြို့နယ်၊ သရက်ကုန်းရွာက အသက် ၂၃ နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား မောင်ဝင်းဇော်ထွဋ်ကို တာပွန်မြို့အဝင် စစ်ကောင်စီဂိတ်မှာ ဆိုင်ကယ်လိုင်စင်ဖမ်းရင်းနဲ့ စစ်ကောင်စီက သေနပ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းတောင်မြစ်ကူးတံတားပေါ်မှာ ဇန်နဝါရီ ၁ ရက် ညနေက ကင်းတဲစောင့် စစ်ကောင်စီ ရဲတပ်သားထံက သေနတ်ကျည်ထွက်ပြီး သူနာပြုဆရာမအပါအဝင် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တံတားနားနေသူတွေက ပြောပါတယ်။
ဆိုင်ကယ်ဖြတ်သန်းစီးနင်းခွင့် မပြုတဲ့ အဲဒီတံတားပေါ်မှာ ဆိုက်ကယ်တွန်းပြီး လာနေချိန် ကင်းတဲနားအရောက် သေနတ်ကျည် ထိမှန်ခဲ့တာကြောင့် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ဒေသခံတဦးက “တံတားကင်းရဲက ကျည်မတော်တဆ ထွက်တာလို့ ဆိုတယ်။ အရက်မူးနေတာလည်း ဖြစ်နိုင်တယ်။ ချောင်းတောင်ရွာက အမျိုးသားက လက်မှာ ကျည်ထိတယ်။ ဝယ်ဇင်ကျေးရွာက သူနာပြုဆရာမက ဝမ်းဗိုက် ကျည်ထိတယ်။ မသေဘူး။ ရေးဆေးရုံမှာ” လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ သိရှိဖို့ ထပ်မံသိရှိဖို့ စစ်ကောင်စီရဲ့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ချောင်းတောင် ရေးမြစ်ကူးတံတား လုံခြုံရေးတွေဟာ မကြာခဏဆိုသလို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ အလစ်အငိုက် ပစ်ခတ်ခံရလို့ လုံခြုံရေးတင်းကျပ်ထားပြီး အခုရက်ပိုင်း ဆိုင်ကယ်တွေ စီးနင်းဖြတ်သန်းခွင့် မပြုပဲ တံတာပေါ်မှာ တွန်းပြီး သွားခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်က ရေးချောင်းတောင်မြစ်ကူးတံတားပေါ်မှာ ခေါ်ဇာမြို့နေ အမျိုးသား တယောက် ဆိုင်ကယ်ဆင်း မတွန်းလို့ဆိုပြီး ပစ်ခတ်ခံရသလို လုံခြုံရေးကင်းအနား ချဉ်းကပ်လာသူဟုဆိုပြီး အမျိုးသား တယောက်လည်း ပစ်ခတ်ခံခဲ့ရပါတယ်။