မြန်မာ့ကမ်းလွန်ရှိ ရဲတံခွန်ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ထွက်သွားတဲ့ Petronas ကုမ္ပဏီရဲ့ နေရာမှာ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၊ ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ချာဗလစ်တို့နဲ့ ဆက်နွှယ်နေသူ ပိုင်တဲ့ ထိုင်း GPM ကုမ္ပဏီက အစားထိုးလွှဲပြောင်းလုပ်ကိုင်ခွင့်ရနေတယ်လို့ Justice For Myanmar က ထုတ်ဖော်လိုက်ပါတယ်။
မလေးရှား Petronas ကုမ္ပဏီရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ ရဲတံခွန် စီမံကိန်းမှာ ကြီးကြပ်လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေနဲ့ ရှယ်ယာရှင်တွေကို မေလ ၂၀ ရက်မှာ နောက်ဆုံးထားပြီး လေလံဆွဲဖို့ ဖိတ်ခေါ်တဲ့ ကြေညာချက် တစောင်ကို ၂၀၂၂ ခုနှစ် မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ရှိပါတယ်။
ရလဒ်ကတော့ Gulf Petroleum Myanmar (GPM) ဟာ မေလ ၃၁ ရက်နေ့ကတည်းက ယင်းစီမံကိန်းကို လွှဲပြောင်း ရယူနိုင်ခဲ့ပြီလို့ အဲ့ဒီ့လုပ်ငန်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ် တခုက Justice For Myanmar ကိုပြောဆိုထားတယ်လို့ဆိုပါတယ်။
သူတို့ရဲ့ အဆိုအရ Petronas အနေနဲ့ သူ့ရဲ့ Acid Gas Removal Unit (AGRU) စီမံကိန်းပြီးစီးတာနဲ့ GPM ကို အပြီးသတ် လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။
GPM ကုမ္ပဏီဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာရဲ့ စီးပွားရေးလုပ်ငန်း ဒါရိုက်တာအဖွဲ့မှာ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ချာဗလစ် ယောင်ချိုင်ယုရဲ့ အကြံပေးဖြစ်ခဲ့တဲ့ ထိုင်းသူဌေးကြီး ချတ်ချိုင်း ယမ်ဘန်ရွန်းက ကျောထောက်နောက်ခံ ပေးထားတဲ့ ပုဂ္ဂလိက ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီတစ်ခုပါ။
Justice For Myanmar ၏ စုံစမ်းဖော်ထုတ်မှုအရ ဒီကုမ္ပဏီဟာ စင်္ကာပူနဲ့ သြစတြေးလျ နိုင်ငံတွေမှာ စီးပွားရေး လုပ်ငန်းတွေရှိတဲ့ Northern Gulf Petroleum group ၏ အစိတ်အပိုင်း တရပ်လည်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ အံ့သြစရာက Northern Gulf Petroleum ကုမ္ပဏီအုပ်စုကို ဘာမြူဒါမှာ အမည်ခံ ဟန်ပြ ကုမ္ပဏီတွေနဲ့တဆင့် ဖွဲ့စည်းထားတာပါ။ ဒီ့အတွက်ကြောင့် ထိုင်းသူဌေး ချတ်ချိုင်းယမ်ဘန်ရွန်းနဲ့ Northern Gulf Petroleum တို့ဟာ Birtish Virgin Islands မှာ မှတ်ပုံတင်ထားတာ တွေ့ရှိရတယ်လို့ နိုင်ငံတကာ စုံစမ်းထောက်လှမ်း သတင်းသမားညွှန့်ပေါင်း အဖွဲ့အစည်း (International Consortium of Investigative Journalists) က စုံစမ်းဖော် ထုတ်ထားပါတယ်။
ထိုင်းနိုင်ငံမှာ သက်ဆင်အစိုးရတာဝန်ယူစဉ် (၂၀၀၄ ခုနှစ်က) ၁၉ ကြိမ်မြောက် ရေနံတူးဖော်ထုတ်လုပ်ခွင့်လုပ်ငန်းအတွက် လေလံဝင်ပြိုင်ဖို့ ရည်ရွယ်ပြီး Northern Gulf Petrolenum ကို ဖွဲ့စည်းခဲ့တဲ့အကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားတာရှိပါတယ်။
သူတို့ရဲ့ အဆိုအရ ဒီကုမ္ပဏီဟာ အရည်အချင်း သတ်မှတ်ချက် ပြည့်မီခြင်း မရှိပေမဲ့ ရေနံတူးဖော်ထုတ်လုပ်ခွင့်ကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းသူဌေး ယမ်ဘန်ရွန်းဟာ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံတွေမှာ ရေနံနှင့်သတ္တု တူးဖော်ရေး လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံထားတယ်လို့ ဆိုပါတယ်။
Justice For Myanmar ၏အဆိုအရ Gulf Petroleum Myanmar(GPM) ၏ ဥက္ကဋ္ဌရာထူးကို ယူထားတဲ့သူက SMART Group of Companies မှ ဦးကျော်ကျော်လှိုင် ဖြစ်ပြီး ဒီကုမ္ပဏီကို စစ်အစိုးရက အုပ်ချုပ်စဉ်ကာလ (၁၉၉၄ ခုနှစ်မှာ) စစ်တပ်ထိန်းချုပ်ထားတဲ့ ရေနံလုပ်ငန်းကို ဝန်ဆောင်မှုပေးဖို့အတွက် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ GPM ရဲ့ ဒုတိယ ဒါရိုက်တာရာထူး ယူထားတဲ့သူက SMART Group of Companies မှ ဒါရိုက်တာ တဦးဖြစ်တဲ့ ဇာနည်ဆွေပါ။
အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်း(MOGE)အား ဒဏ်ခတ်ပိတ်ဆို့ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေပေမယ့် နိုင်ငံကြီးတွေက ယနေ့အချိန်အထိ လျစ်လျူရှုထားတုန်းလို့ Justice For Myanmar က ပြောပါတယ်။
Justice For Myanmar မှ မရတနာမောင်က “ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းကို Gulf Petroleum Myanmar က လွှဲပြောင်းရယူလိုက်တာဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အရေးယူ အပြစ်ပေးခံရတာ အလျဉ်းမရှိဘဲ ကျူးလွန်ခွင့် ရနေတဲ့ အကြမ်းဖက် အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာစစ်ကောင်စီအတွက် ဘဏ္ဍာငွေတွေ ဆက်ပြီး စီးဆင်းဖို့က သေချာသွားပြီ” လို့ ဆိုပါတယ်။
ဒီ့အတွက်ကြောင့် Gulf Petroleum Myanmar မှ ဒါရိုက်တာတွေ ရှယ်ယာရှင်တွေ အနေနဲ့ မြန်မာစစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီနေတဲ့ လုပ်ရပ်တွေအတွက် မဖြစ်မနေ တာဝန်ခံကြ ရမှာပါ။ ဒီ့အပြင် အကြမ်းဖက် မြန်မာစစ်အုပ်စုက ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကို အမေရိကန်၊ ဂျပန်နဲ့ တခြားသော အစိုးရတွေ က ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက် နေတဲ့အတွက်ကြောင့် သူတို့ အခုလို ဝင်ပြီး လုပ်ကိုင်ဖို့ ဖြစ်လာတာပါ လို့ Justice For Myanmar က ထောက်ပြပြောဆိုထားပါတယ်။
မြန်မာစစ်အုပ်စုရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပင်မရင်းမြစ်ကြီးဖြစ်ပြီး နိုင်ငံခြားဝင်ငွေအများဆုံးရရှိတဲ့ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) ကို အရေးယူပိတ်ဆို့နိုင်ရေးအတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်သူလူထုတရပ်လုံး ပါဝင်ဖို့ Blood Money သွေးစွန်းငွေအဖွဲ့က ပြီးခဲ့တဲ့ မေလ ၁ရက်နေ့က တိုက်တွန်းခဲ့တာ ရှိပါတယ်။
အဆိုပါ လှုပ်ရှားမှုဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်၊ ရာဇဝတ်မှု၊ လေယာဉ်နဲ့ဗုံကြဲတိုက်ခိုက်မှု၊ မုဒိန်းမှု၊ ဓားစာခံ ဖမ်းဆီးမှု၊ မီးရှို့ဖျက်ဆီးမှု၊ မီးရှို့သတ်ဖြတ်မှု စတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်နိုင်ဖို့ စစ်အုပ်စုရဲ့ ငွေပင်ငွေရင်း MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်ရေး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်ရိုက်စာပို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE)က ရရှိတဲ့ ဝင်ငွေဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၀၀ ကျော် အမြတ်အစွန်း ရရှိနေတာပါ။
ဒါကြောင့် အမေရိကန်အစိုးရက MOGE ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ရင် စစ်အုပ်စု လက်နက်ဝယ်ယူရေးနဲ့ လေကြောင်းတိုက်ဖို့ လောင်စာဝယ်ယူရေး ခက်ခဲပြီး ရပ်တန့်သွားမှာလို့ Blood Money သွေးစွန်းငွေအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂျပန်အခြေစိုက် စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ ENEOS လုပ်ငန်းစုကြီးအနေနဲ့ မြန်မာစစ်တပ်အတွက် ဘဏ္ဍာငွေထောက်ပံ့ပေးနေတဲ့ ရဲတံခွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်းကနေ နုတ်ထွက်လိုက်တဲ့အပေါ် လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်သူတွေက ကြိုဆိုလိုက်ပါတယ်။
အခုလို နုတ်ထွက်ရာမှာ ENEOS နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေအနေနဲ့ ဒေသခံလူထု အပါအဝင် သက်ဆိုင်သူတွေနဲ့ ပွင့်လင်းမြင်သာစွာ ဆွေးနွေးတိုင်ပင်ပြီး တာဝန်ယူမှု တာဝန်ခံမှုနဲ့ နုတ်ထွက်ကြဖို့လည်း Mekong Watch၊ FoE Japan နဲ့ Justice for Myanmar အဖွဲ့အစည်းတို့က တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှ ထွက်ခွာရာမှာ ENEOS နဲ့ နိုင်ငံတကာ မိတ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ ကုန်ခမ်းလုနီးပါး ဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ ဓာတ်ငွေ့တွင်းတွေကို အဆင့်ဆင့်ပိတ်သိမ်းဖို့ အစီအစဉ်တကျ လုပ်ဆောင်ပေးဖို့နဲ့ ဒီလိုစနစ်တကျ ဆောင်ရွက်မှသာ ကျန်ရှိနေသေးတဲ့ ဝင်ငွေတွေ မြန်မာစစ်တပ်ထံ မရောက်ဖို့ သေချာစေမှာဖြစ်သလို လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကို ရှောင်ရှားနိုင်မယ်လို့ ဆိုပါတယ်။
ရဲတံခွန်စီမံကိန်းမှ အကျိုးအမြတ်ရရှိခဲ့တဲ့ ဂျပန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သဘာဝဓာတ်ငွေ့တွင်းတွေကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပိတ်သိမ်းဖို့ လိုအပ်သလို တဖက်မှာလည်း ဆိုးကျိုးသက်ရောက်မှု ရှိစေတဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကို ပြန်လည်ကုစားပေးဖို့ လိုတယ်လို့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်သူတွေက သုံးသပ်ပြောပါတယ်။
Mekong Watch အဖွဲ့ ဒါရိုက်တာ ယူခါကီဂူချီက “ENEOS ရဲ့ ထုတ်ပြန်ချက်တွေမှာ ကုမ္ပဏီတွေ နုတ်ထွက်ပြီးတဲ့နောက် ဓာတ်ငွေ့ထုတ်လုပ်မှု ဆက်ပြီး ရှိမရှိ ဆိုတာမျိုးနဲ့ ရုပ်သိမ်းတဲ့ ကုမ္ပဏီတွေအနေနဲ့ကလည်း ဓာတ်ငွေ့တွင်းတွေ ပိတ်သိမ်းတဲ့ လုပ်ငန်းအတွက် ဘယ်လိုတာဝန်ယူမယ်ဆိုတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောကြားတာမျိုး မရှိပါဘူး။ သူတို့အနေနဲ့ ရုပ်သိမ်းတာမှာ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပြီး နုတ်ထွက်တဲ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် တာဝန်ခံရမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
Justice for Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “ENEOS Holdings ဟာ မြန်မာပြည်သူတွေနဲ့ ကမ္ဘာတဝန်း တက်ကြွလှုပ်ရှားသူတွေရဲ့ ညီညီညာညာနဲ့ ဆက်တိုက် ဖိအားပေးမှုတွေကြောင့် မြန်မာစစ်ရာဇဝတ်ဂိုဏ်းနဲ့ ပူးတွဲလုပ်နေတဲ့ သူတို့ရဲ့လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါပြီ။ အခုတော့ ENEOS က သူတို့ရဲ့ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းတွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ဖို့ တာဝန်ရှိကြောင်း ပြသရမယ့်အချိန် ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ ENEOS အနေနဲ့ ပိုက်လိုင်းဧရိယာအတွင်းက လူမှုအသိုင်းအဝိုင်းတွေ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ အဓိကတာဝန်ရှိသူတွေနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ နားလည်ထားရမှာက စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့အစိုးရ မဟုတ်ပါဘူး။ အကြမ်းဖက် စစ်ရာဇဝတ်ဂိုဏ်းပါ။ ENEOS ဘက်က စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရတရပ်အနေနဲ့ ရည်ညွှန်းပြောဆိုနေတာတွေ ရပ်တန့်ပြီး သူတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ စစ်ကောင်စီကို တရားဝင်ဖြစ်စေတဲ့ အသုံးအနှုန်းတွေကို ဖယ်ရှားပစ်ဖို့လိုတယ်” လို့ ပြောပါတယ်။
ဂျပန်အခြေစိုက် ENEOS စွမ်းအင်ကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ Nippon Oil Exploration (Myanmar) က ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားသလို ဂျပန်အစိုးရနဲ့ Mitsubishi ကော်ပိုရေးရှင်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါဝင်နေပါတယ်။
ဒါကြောင့် ဂျပန်အစိုးရ အပါအဝင် ENEOS နဲ့ Mitsubishi ကော်ပိုရေးရှင်းတို့မှ အစုရှယ်ယာရှင်တွေ အနေနဲ့ ရဲတံခွန်စီမံကိန်းမှ နုတ်ထွက်ခြင်းနဲ့ ပိတ်သိမ်းရေး လုပ်ငန်းစဉ်တွေမှာ စနစ်တကျ ဖြစ်စေဖို့လည်း တောင်းဆိုလိုက်တာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း Mekong Watch၊ FoE Japan၊ Justice for Myanmar နဲ့ NGO အဖွဲ့အစည်းတွေမှ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ENEOS နဲ့ Mitsubishi တို့မှ ရင်းနှီးမြှုပ်နှံသူတွေ အပါအဝင် မြန်မာပြည်မှာ ပြဿနာရှိနေတဲ့ စီမံကိန်းတွေကတဆင့် ငွေကြေးပံ့ပိုးမှုရှိနေတဲ့ ဂျပန်ကုမ္ပဏီ ၄ ခုတို့မှ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူ ၁၂၅ ဦးထံ စာရေးသား ပေးပို့ခဲ့ပါသေးတယ်။
ဒါကြောင့် ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မှုတွေအောက်မှာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဂျပန်အစိုးရအနေနဲ့ နိုင်ငံတော်တာဝန်မှ တဆင့် အထူးအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ဆိုပါတယ်။