အောက်တိုဘာလနှောင်းပိုင်း အာရှသား ‘ရီရှီ ဆူနက်ခ်’ ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာတာရယ်၊ အကြိမ် (၂၀) မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်ပိတ်ပွဲမှာ သမ္မတဟောင်း ဟူကျင်ထောင်ကို ဆွဲထုတ်သွားတဲ့ ဖြစ်ရပ်တွေက ကမ္ဘာ့နိုင်ငံရေးတွေ စနစ်တွေနဲ့ ပတ်သက်လို့ ပြောစရာ၊ တွေးစရာတွေ ဖြစ်ကျန်ခဲ့ပါတယ်။
၂၁ ရာစုမှာ စိန်ခေါ်မှုတွေ ပိုများလာတာနဲ့အမျှ ဘယ်စနစ် ဘယ်ဝါဒမှ မတည်ငြိမ်ပြီး ပြည့်စုံကောင်းမွန်တယ် မရှိ၊ လူအများဆန္ဒကို ကျေနပ်အားရအောင် ဖြည့်ဆည်းပေးနိုင်မှုတွေ မရှိတာကြောင့် အစိုးရတွေအပေါ် ယုံကြည်မှုတွေ ပိုနည်းလာနေတာလည်း ကမ္ဘာနဲ့အဝန်းပါပဲ။ ရာစုချီ ချီတက်လာတဲ့ ဒီမိုကရေစီစနစ်မှာကို အမှားမှားအယွင်းယွင်းတွေ၊ ဘက်ပေါင်းစုံ တိုက်ခိုက်ခံရမှုတွေ၊ ဘက်ပြန်မှုတွေနဲ့ အကြီးအကျယ် စိတ်ပျက်မှု ကြုံနေရချိန်ပါ။ ဒါပေမဲ့ ဝင်စတန်ချာချီပြောတဲ့ “ဒီမိုကရေစီဟာ အဆိုးဆုံး အစိုးရစနစ်ဆိုသော်လည်း အခြားသော စနစ်တွေက သမိုင်းတလျှောက် သူ့ထက် ကမ်းကုန်အောင် ဆိုးပြခဲ့ပြီးပြီ..” ဆိုတဲ့စကားက ပြီးခဲ့တဲ့လ ဗြိတိန်ပါလီမန်နဲ့ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံရဲ့ မြင်ကွင်းတွေ ခေါင်းဆောင်ရွေးချယ်ပုံတွေအပေါ် ထင်ဟပ်နေဆဲပါ။ ဒီမိုကရေစီဟာ မနမ်းချင်တောင် ပင့်သက်ရှူရမယ့် ပန်းတပွင့်ဖြစ်နေဆဲ…။
ဒီမိုကရေစီစနစ်ရဲ့ အားသာချက်တခုက အစိုးရအဖွဲ့တွေရဲ့ အမှားကို ပြင်ဆင်နိုင်မှု (self-correcting) ပါ။ ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲကဖြစ်စေ ပါလီမန်ကဖြစ်စေ ကြီးကြီးမားမား အမှားလုပ်မိတဲ့ ခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ကို အချိန်မီပြောင်းလဲပြီး အသစ်ပြန်ဖွဲ့နိုင်တာပါ။ အများလက်မခံနိုင်တော့တဲ့ ခေါင်းဆောင်ကို မဖြစ်မနေ နုတ်ထွက်သွားအောင် ဖိအားပေးနိုင်တယ်။ ဒါကို တနည်းအားဖြင့် ဒီမိုကရေစီဖြစ်စဉ်မှာ ၎င်းဘာသာ အသစ်ပြန်သနိုင်မှု (self-renewal)နဲ့ ရွေးချယ်နိုင်မှု (choices) ရှိတယ်လို့ ဆိုတာပါပဲ။ ဒါကပဲ မူမမှန်တဲ့ အမျိုးမျိုးသော အာဏာရှင်စနစ်တွေနဲ့ အဓိကကွာခြားမှုလို့ ဆိုရမှာပါ။
ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက် အမှားတွေနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဇူလိုင် ၇ ရက်နေ့မှာ နုတ်ထွက်ခဲ့ရတယ်။ စက်တင်ဘာ ၆ ရက်နေ့မှာ အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ် လဇ်ထရပ်စ် တက်လာပြီး ဒုတိယ မာဂရက်သက်ချာ ‘သံမဏိလေဒီ’ ဖြစ်လာမလားလို့ အများက မျှော်လင့်ခဲ့ပေမဲ့ စွမ်းအင်ပြဿနာ၊ ဘတ်ဂျက်စီမံခန့်ခွဲမှုအမှားနဲ့ နှစ်လတောင်မပြည့် ရက် ၅၀ နဲ့ ရာထူးက နုတ်ထွက်လိုက်ရပြန်တယ်။ အောက်တိုဘာ ၂၅ မှာတော့ အသက် ၄၂ နှစ်ပဲ ရှိသေးတဲ့ ဗြိတိန်ဖွား အိန္ဒိယသား ရီရှီ ဆူးနက်ခ် ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာတယ်။
ဆူးနက်ခ်အကြောင်းကို သတင်းဌာနတွေ ဆိုရှယ်မီဒီယာတွေမှာ ဝေဝေဆာဆာရေးတာ တွေ့ရပါတယ်။ အော့စ်ဖို့ဒ်တက္ကသိုလ်က PPE နဲ့ ဘွဲ့ရ (ကျနော် အားကျတဲ့ ဘာသာရပ်အတွဲ- philosophy, politics, economics)၊ စတန်းဖို့ဒ်တက္ကသိုလ်က MBA ဘွဲ့ရ၊ အိန္ဒိယ Infosys အိုင်တီကုမ္ပဏီပိုင်ရှင်ရဲ့ သမက်၊ ရင်းနှီးမြှုပ်နှံလုပ်ငန်းနဲ့ ကိုယ်တိုင် ကြွယ်ဝချမ်းသာသူ၊ ၂၀၁၅ မှာ အမတ်ဖြစ်လာ၊ ဘောရစ်ဂျွန်ဆင် အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီး၊ ကိုဗစ်လော့ခ်ဒေါင်းကာလ ဗြိတိန်စီးပွားရေး ကိုင်တွယ်နိုင်လို့ ပိုမိုကျော်ကြားလာသူ စသဖြင့်..။ နောက်ဆုံးတော့ လုပ်ရည်ကိုင်ရည်နဲ့ ခေါင်းဆောင်မှုစွမ်းရည်ရှိသူက ဘာလူမျိုးဖြစ်နေနေ ဗြိတိန်ရဲ့ အမြင့်ဆုံးရာထူး ရရှိသွားတာ သမိုင်းဝင်ဖြစ်ရပ်ပါပဲ။
ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်ရှေ့ သူ့ပထမဆုံးမိန့်ခွန်းမှာ နုတ်ထွက်သွားတဲ့ လဇ်ထရပ်စ် အစိုးရဟာ ရည်ရွယ်ချက်ကောင်းတွေရှိပေမဲ့ အမှားတွေလုပ်ခဲ့တယ်၊ အဲဒီအမှားတွေကို သူ ပြုပြင်သွားမယ်လို့ ပြောတယ်။ မဇ္ဈိမသား ဆူးနက်ခ်အနေနဲ့ အဲဒီအမှားတွေကို တကယ်ပဲ ပြုပြင်နိုင်မလား၊ ဂရိတ်ဗြိတိန်ရဲ့ ကြီးမားများပြားလှတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား ပဲ့ကိုင်ပေးနိုင်မလား… သူ့ရှေ့က ဝန်ကြီးချုပ်တွေရဲ့ ကံကြမ္မာမျိုး ထပ်ကြုံတွေ့ရဦးမလား ဆိုတာတော့ ကာလတခု စောင့်ကြည့်ရမှာပါ။ ခြေမပေါ်ရင်လည်း နောက်တယောက် ပြောင်းကြပေမပေါ့…။
တရားဝင်မှု အငြင်းပွားစရာ
ဗြိတိသျှပါလီမန်ထဲမှာ စီးပွားရေးပြဿနာတွေကနေ ကိုယ်ရေးကိုယ်တာ ဝေဖန်စရာတွေအထိ ဝန်ကြီးတွေ၊ အမတ်တွေ အားမနာတမ်း ပြောဆိုမေးမြန်းကြ၊ ရယ်မောကြ၊ ဝန်ကြီးချုပ်တွေကလည်း ထရှင်းတန် ရှင်း၊ နုတ်ထွက်သူထွက်၊ အသစ်တက်သူတက် သောသောညံအောင် စည်ကားနေတာ ရုပ်သံသတင်းတွေထဲ တွေ့ကြမှာပါ။ အဲဒီလိုအချိန် မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကြီးရဲ့ အောက်တိုဘာ ၁၆ ရက်ကနေ ၂၂ ရက်အထိ တပတ်ကျင်းပတဲ့ (၂၀) ကြိမ်မြောက် ကွန်မြူနစ်ပါတီညီလာခံကိုလည်း တကမ္ဘာလုံးက စောင့်ကြည့်စရာ ဖြစ်ခဲ့တယ်။ ရှီကျင့်ဖျင်က ၂၀၁၈ ညီလာခံကတည်းက အာဏာသက်တမ်း နှစ်ကြိမ် သတ်မှတ်ထားတဲ့ အခြေခံဥပဒေ ကန့်သတ်ချက်ကို ဖျက်သိမ်းပြီး အာဏာရာသက်ပန်ယူနိုင်ဖို့လည်း လမ်းဖွင့်လိုက်တယ်။ အခုညီလာခံမှာ ထိပ်တန်းရာထူး သုံးနေရာ (ပါတီအထွေထွေအတွင်းရေးမှူး၊ သမ္မတ၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ) ကို တတိယသက်တမ်း ၅ နှစ် တိုးယူလိုက်ပါတယ်။
တရုတ်အစိုးရနဲ့ပတ်သက်လို့ အမြဲကာကွယ်ပြောတဲ့ စတန်းဖို့ဒ်တက္ကသိုလ် MBA ဘွဲ့ရ ပညာရှင်နဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် အဲရစ်လီ (Eric X. Li) က နှစ် ၄၀ ကျော်အတွင်း တရုတ်တို့ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးဖြစ်လာတာ အချက်သုံးချက်ကြောင့်လို့ ပြောလေ့ရှိတယ်။ တရားဝင်မှု (legitimacy)၊ အရည်အချင်းရှိသူကို ရွေးချယ်မြှောက်စားမှု (meritocracy)၊ ခေတ်အခြေအနေနဲ့အမီ ဆောင်ရွက်နိုင်မှု (adaptability) တို့ပါ။ သူက အနောက်ဒီမိုကရေစီကို အမြဲဝေဖန်သူပါ။ အစိုးရတခုရဲ့ တရားဝင်မှုဆိုတာ ဒီမိုကရေစီ သဘောအရ ရွေးကောက်ပွဲကနေပဲ လာရတာပါ။ ဒါကို သူက လက်မခံဘူး။ တရုတ်အစိုးရကို ရွေးကောက်ပွဲပြင်ပ တခြားသော တရားဝင်မှုပုံစံတခုလို့ ပြောတယ်။ သမိုင်းကြောင်းရှိတဲ့ ကွန်မြူနစ်ပါတီရဲ့ တရားဝင်ထောက်ခံမှုနဲ့ တရုတ်အစိုးရဟာ အောင်မြင်နေတယ်။ အခြေခံ လူထုရွေးကောက်ပွဲပုံစံကလာတဲ့ တရားဝင်မှုကိုချည်း မကြည့်ပါနဲ့လို့ ပြောပါတယ်။
ဟုတ်ပြီ၊ သူ ပြောတဲ့ တရုတ်နည်း တရုတ်ဟန် တရားဝင်မှုပုံစံဟာ အခု ရှီကျင့်ဖျင် တတိယသက်တမ်း ၅ နှစ် တိုးယူမှုမှာ အမှန်တကယ် တရားဝင်ရဲ့လား။ အခြေခံဥပဒေအရ သက်တမ်းနှစ်ကြိမ်ကို ပယ်ဖျက်ပြီး တသက်တာ အာဏာယူဖို့လုပ်တာ တရားဝင်မှုရှိသလား။ များပြားလှတဲ့ ကွန်မြူနစ်ပါတီဝင်တွေက ထောက်ခံမှုပေးတယ်ဆိုပေမဲ့ ထကန့်ကွက်ရဲသူကော ရှိပါ့မလား။ လက်ရှိ တရုတ်အစိုးရရဲ့ တရားဝင်မှုပုံစံအပေါ် မေးခွန်းထုတ်စရာတွေ ရှိပါတယ်။
အခု ပါတီညီလာခံပိတ်ပွဲနေ့မှာပဲ ရှီကျင့်ဖျင်နဲ့ သဘောထားကွဲလွဲတဲ့ သမ္မတဟောင်း ဟူကျင့်ထောင်ကို ခန်းမထဲက ဆွဲထုတ်သွားတာဟာ ရုပ်ပျက်ဆင်းပျက် နိုင်လွန်းပါတယ်။ ကွန်မြူနစ်ပါတီညီလာခံတွေမှာ ထိန်းထေမှု (checks and balances) လုပ်ဖို့နဲ့ တရားဝင်မှုဖြစ်စေဖို့ ပါတီကေဒါဟောင်းလူကြီးတွေ၊ သမ္မတဟောင်း၊ ဝန်ကြီးချုပ်ဟောင်းတွေကို နေရာပေးထားလေ့ရှိပါတယ်။ တရုတ်ထုံးစံ အဖေကြီး အစ်ကိုကြီးတွေကို နေရာပေး သဘောထားယူ အဆုံးအမခံတဲ့ သဘောမျိုးပါပဲ။ ဒါပေမဲ့ အခုညီလာခံမှာ သမ္မတဟောင်း ဟူကျင့်ထောင်ကို ကြည့်ရှုမကောင်းအောင် ဆွဲထုတ်သွားတာကို ဘယ်ပါတီလူကြီးကမှ ထ နှုတ်မဆက်ရဲ မျက်နှာသေတွေနဲ့ မျက်နှာလွှဲနေကြတာ။ ကျန်းမာရေးမကောင်းလို့ ခေါ်ထုတ်ရတယ်လို့ အကြောင်းပြရင်လည်း သမ္မတဟောင်းတဦး၊ ကိုယ့်ပါတီအစိုးရ ခေါင်းဆောင်တဦးရဲ့ ကျန်းမာရေးကိစ္စ အားလုံး ထနှုတ်ဆက် လေးစားမှု ပြရမှာမျိုးပါ..။
ရှင်းရှင်းပြောရရင်တော့ အာဏာကိစ္စမှာ ဗြိတိသျှပါလီမန်က တသောသော ရယ်မောနိုင်ကြပေမဲ့ ပါတီဝင်များလှတဲ့ တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်ကတော့ မသာအိမ်လို စိတ်မသက်သာစရာပါ။
အရည်အချင်းကြည့်ရွေးချယ်မှု
အဲရစ်လီ ပြောတဲ့ ဒုတိယအချက် အရည်အချင်းရှိသူကို နေရာပေးခြင်းဟာလည်း ရှီရဲ့ တတိယသက်တမ်း လူရွေးချယ်မှုမှာ ပြောစရာတွေ ဖြစ်နေတယ်။ တရုတ်အုပ်ချုပ်ရေး သမိုင်းကြောင်းအရ အရည်အချင်းရှိသူ ရွေးချယ်မြှောက်စားမှုစနစ် (meritocracy) က အမြဲအရေးပါခဲ့တယ်။ တရုတ်မင်းဆက်ပေါင်းများစွာရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ခက်ခဲတဲ့စာမေးပွဲ ကျင်းပပြီး အဆင့်မြင့်အရာရှိ အရာထမ်းတွေ ရွေးချယ် နေရာပေး ခန့်ထားလေ့ရှိတယ်။ အစိုးရဗျူရိုကရေစီ အဆင့်ဆင့်မှာ အရည်အချင်းရှိသူကို ရွေးချယ်မြှောက်စားတဲ့စနစ်က တရုတ်ကစတယ်လို့တောင် ပြောစမှတ်တွင်ပါတယ်။
၁၉၇၈ တိန့်ရှောင်ဖျင် တက်လာပြီး တံခါးဖွင့်စီးပွားရေး လုပ်ခဲ့တဲ့နောက် အမျိုးသမီးတွေ အပါအဝင် အရည်အချင်းရှိသူ အမြောက်အမြားနဲ့ လုပ်ငန်းရှင်တွေ ပါတီထဲအထိ နေရာရလာတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ညီလာခံမှာ ရှီကျင့်ဖျင်က အရည်အချင်းကြည့်မှုထက် သစ္စာခံမှု (loyalty) ကို ပိုအလေးပေးခဲ့တယ်။ သူ့ကိုသစ္စာခံတဲ့ လက်မရွံ့အုပ်စုက ပါတီ၊ စစ်တပ်၊ အစိုးရနဲ့ အရာရာကို ထိန်းချုပ်သွားပါလိမ့်မယ်။ သေချာတာကတော့ ရှီအုပ်စုနဲ့ ရှီအတွေးအခေါ် ဆိုတာရဲ့ အချုပ်က တရုတ်ကို အာဏာရှင်စနစ်ဆီ အတိအကျ ပြန်လှည့်သွားဖို့ ရည်ရွယ်တာပါပဲ..
လိုက်လျောညီထွေရှိမှု
အဲရစ်လီ ပြောတဲ့ တတိယအချက်၊ ခေတ်အခြေအနေနဲ့အမီ ဆောင်ရွက်နိုင်မှု (adaptability) ကလည်း ရှီရဲ့ ပြီးခဲ့တဲ့သက်တမ်းတွေမှာကို ပြောစရာတွေ ရှိနေတာပါ။ တကယ်တမ်း တရုတ်၊ တောင်ကိုရီးယားတို့ဟာ ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကိုစီးပြီး အလျှင်အမြန် တိုးတက်ခဲ့တာ။ အနောက်ကဖော်တဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆေးဟာ အနောက်အတွက် မဖြစ်ဘဲ တရုတ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အိန္ဒိယ စတဲ့နိုင်ငံတွေအတွက် အားတိုးဆေး ဖြစ်ခဲ့တာပါ။ နည်းပညာဖွံ့ဖြိုးမှု၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၊ supply chain နဲ့ outsourcing လုပ်ငန်းတွေကတဆင့် တရုတ်ဟာ အားလုံး ထိတ်လန့်လောက်အောင် ကြီးကျယ်လာခဲ့တယ်။
အဂတိလိုက်စားမှုပြဿနာတွေ နိုင်ငံအနှံ့ ရှိပေမဲ့ သမ္မတ ဟူကျင့်ထောင်ခေတ်ဟာ တရုတ်တို့ရဲ့ ဖွံ့ဖြိုးမှုနဲ့ လွတ်လပ်မှုအရှိဆုံး အကောင်းဆုံးရွှေခေတ်လို့ နိုင်ငံတကာပညာရှင်တွေက သုံးသပ်ပါတယ်။ အခု ရှီကျင့်ဖျင်က တရားဝင်မှုပြဿနာရှိနေတဲ့ တတိယသက်တမ်းမှာ တရုတ်အမျိုးသားရေးဝါဒ ရှေ့တန်းတင်ပြီး ကမ္ဘာနဲ့ပတ်ရန်ဖြစ်တော့မလား၊ အိမ်နီးချင်းတွေအပေါ် ပိုပြီး ဗိုလ်ကျလာမလားဆိုတာ မကြာခင် ရုပ်လုံးပီပြင်လာမှာပါ…။
ရဲမြင့်ကျော်
ရုရှားက ယူကရိန်းကို ရက်ပိုင်းအတွင်း ကျုးကျော်တိုက်ခိုက်တော့မယ်လို့ သတင်းတွေပြေးနေစဉ် ဖေဖော်ဝါရီ ၂၀ ရက်က ဂျာမဏီနိုင်ငံမှာ ဥရောပနိုင်ငံခြားရေးဝန်ကြီးတွေ ယူကရိန်းပြဿနာအတွက် အရေးပေါ် ‘မြူးနစ်လုံခြုံရေးကွန့်ဖရင့်’ လုပ်ပါတယ်။ အဲဒီမှာ ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ပြောတဲ့စကားက အတော်ကောင်းပါတယ်။ သူပြောတာက အခု ဥရောပ ရင်ဆိုင်နေရတာ ‘ယူကရိန်းအကျပ်အတည်း’ မဟုတ်ဘူး၊ ‘ရုရှားအကျပ်အတည်း’ ပါတဲ့။ ရုရှားရဲ့ အဓိကပြဿနာက အခြားနိုင်ငံတွေလို အမျိုးသားနိုင်ငံပုံစံနဲ့ နေမလား၊ သို့မဟုတ် အရင်က ရွှေထီးဆောင်းခဲ့သလို အင်ပါယာအိပ်မက် ဆက်မက်နေဦးမှာလား ဆိုတာပါတဲ့။
ပူတင်နဲ့ ရုရှားလူ့မလိုင်တစုမှာ အတိတ်ကလို ရုရှားအင်ပါယာပြန်ဖြစ်ချင်တဲ့ စိတ်ရောဂါက မအိပ်နိုင်မစားနိုင် အမြဲဝင်ပူးနေပြီး ထိန်းမနိုင်သိမ်းမရအောင်ကို အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခပေးချင်နေတာပါ။ ပူတင်တို့ရူးတာက ယူကရိန်းတင်မက ဥရောပတခုလုံး ကြိမ်မီးအုံးနေရသလို တကမ္ဘာလုံးကိုပါ စိတ်မချမ်းသာဖြစ်စေတာပါ။
လီနင်ရဲ့ယူကရိန်း
ယူကရိန်းခွဲထွက်ဒေသနှစ်ခုကို လွတ်လပ်သောနိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာမယ့်ရက်မတိုင်ခင် ဖေဖော်ဝါရီ ၂၁ ရက် ညည့်နက်သန်းခေါင်မှာ ပူတင်က ဒေါသတကြီးနဲ့ ရုရှားပြည်သူတွေကို နာရီအတော်ကြာ မိန့်ခွန်းပြောပါတယ်။ သူ့မိန့်ခွန်းမှာ ယူကရိန်းကနေ ခွဲထွက်ဖို့ကြိုးစားနေတဲ့ ဒိုးနက်စ်နဲ့ လူဟန်းစ်ဒေသနှစ်ခုကို သမ္မတနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုပြီး ရုရှားက ပုံအောကူညီသွားမယ်၊ ယူကရိန်းက နေတိုးအဖွဲ့ထဲ ဝင်ဖို့ကြိုးစားတာဟာ ရုရှားရဲ့လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတာ၊ ယူကရိန်းဆိုတာ စစ်မှန်တဲ့ နိုင်ငံတနိုင်ငံဖြစ်တည်မှု ဘယ်တုန်းကမှ အစဉ်အလာ မရှိခဲ့ဘူး၊ ရုရှားစောင့်ရှောက်ထားတဲ့ ကျေးဇူးပဲရှိတယ် စတဲ့ ကြိမ်းမောင်းစကားတွေပါ။
သူ့မိန့်ခွန်းမှာ ယနေ့ယူကရိန်းနိုင်ငံဆိုတာ ဆိုဗီယက်ပြည်ထောင်စုတည်ထောင်သူ ဗီအိုင်လီနင်ရဲ့ ရုရှားက ဖန်တီးပေးထားတာလို့ ဆိုပါတယ်။ “အခုခေတ်သစ် ယူကရိန်းဆိုတာ ရုရှားက ဖန်တီးပေးထားတာ၊ အတိအကျပြောရရင်၊ ဘော်ရှီဗစ်ကွန်မြူနစ်ရုရှားက ဖန်တီးပေးထားခဲ့တာ၊ အဲဒီဖြစ်စဉ်ဟာ ၁၉၁၇ အောက်တိုဘာတော်လှန်ရေး နောက်ပိုင်းမှ ဖြစ်လာခဲ့တာ။ ဘော်ရှီဗစ်မူဝါဒရဲ့ ရလဒ်အနေနဲ့ ‘ဆိုဗီယက်ယူကရိန်း’ ဆိုတာ ဖြစ်လာတယ်၊ ကနေ့ထိ ‘ဗီအိုင်လီနင်ရဲ့ယူကရိန်း’ လို့လည်း ခေါ်ဝေါ်ကြတုန်းပါ။ လီနင်က ယူကရိန်းကို ပုံဖော်ခဲ့တဲ့ ဗိသုကာပါ။ အဲဒီ အထောက်အထားတွေအားလုံး မော်ကွန်းတိုက်မှတ်တမ်းတွေမှာ အကုန်ရှိတယ်။ ဒီကနေ့ အဲဒီအကျိုးကျေးဇူးခံစားနေရတဲ့ ယူကရိန်းမျိုးဆက်တွေဟာ ‘လီနင်ရဲ့ယူကရိန်း’ သမိုင်း မှတ်တမ်းမှတ်ရာ အားလုံး ဖြိုဖျက်ပစ်ချင်နေတယ်။ ဆိုဗီယက်ကွန်မြူနစ်နိုင်ငံဟောင်းရဲ့ ယဉ်ကျေးမှု၊ သမိုင်း၊ အမွေ၊ စိတ်ဓာတ် အားလုံးကို ဖြိုချရတာကိုပဲ သူတို့က ဒါကို ‘decommunization’ လို့ ဂုဏ်ယူ ပြောနေတယ်။ အဲတော့ ကောင်းပြီလေ.. ယူကရိန်းတို့ဆိုလိုတဲ့ ‘decommunization’ အဓိပ္ပါယ်က ဘာလဲဆိုတာ ကျုပ်တို့ ရုရှားတွေက လက်တွေ့ပြဖို့ အသင့်ပေါ့..” ဆိုပြီး စိန်ခေါ် ကြိမ်းမောင်းတာပါပဲ။
ချိန်ကိုက်ဗုံးထောင်ခဲ့သူလီနင်
ပိုဆိုးတာကတော့ ပူတင်က သူ့မိန့်ခွန်းထဲမှာ အများလေးစားတဲ့ လီနင်ကို ယခုဖြစ်နေတဲ့ ပြဿနာအားလုံးရဲ့ အဓိကတာဝန်ရှိသူလို့ အပြစ်တင် စွပ်စွဲပြောဆိုတာပါ။ လီနင်ကို လေးစားကြည်ညိုသူ အများအပြားကိုရော နောက်လာမယ့်ရွေးကောက်ပွဲ မဲရလဒ်ကိုရော ဂရုမစိုက်ဘဲ၊ ပူတင်က ဆိုဗီယက်တည်ထောင်သူ လီနင်ကို အတော်ပဲ အပုပ်ချခဲ့တာပါ။
လီနင်ဟာ နောက်ဆုံးဇာဘုရင်နဲ့ မိသားစုဝင်တွေ၊ အမှုထမ်းတွေ၊ ဘုန်းကြီးတွေ၊ ကျေးကျွန်တွေကို ထောင်နဲ့ချီ သတ်ခဲ့တယ်လို့ ဆိုတယ်။ လီနင်က ဆိုဗီယက်တည်ထောင်ခဲ့ပေမဲ့ အစိတ်စိတ်အမွှာမွှာပြိုကွဲဖို့နဲ့ ရုရှားကို အခုထိ ဒုက္ခရောက်စေဖို့ နိုင်ငံအောက်မှာ ချိန်ကိုက်ဗုံးထောင်ခဲ့တယ်လို့ ပြောပါတယ်။ ပူတင်ပြောတဲ့ အဲဒီချိန်ကိုက်ဗုံး ဆိုတာက လူမျိုးစုတွေနေထိုင်တဲ့ ဒေသတလျှောက် လီနင်ရဲ့ အုပ်ချုပ်ရေးနယ်နမိတ်မျဉ်း ပိုင်းခြားရေးဆွဲမှုကို ပြောတာပါ။
ဒီနေရာမှာ လီနင်ရဲ့ နာမည်ကျော် ‘လူမျိုးစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်’ အယူဆကို သတိပြန်ပြုသင့်ပါတယ်။ ၁၉၀၃ ခုနှစ် ကျင်းပတဲ့ ရုရှားဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီ ဒုတိယကွန်ဂရက်က ချမှတ်တဲ့မူဝါဒတွေမှာ လီနင်လမ်းစဉ်ဆိုတာ ပါပါတယ်။ အဲဒီလမ်းစဉ်က လူမျိုးစုတိုင်းမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည်ဆိုတာဖြစ်ပြီး၊ အဲဒါက ရုရှားကွန်မြူနစ်ပါတီအတွက် အရေးကြီးဆုံးတခုပါ။ လီနင်ရဲ့ လူမျိုးစုများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စာအုပ်ကို ၁၉၁၄ မှာ ပုံနှိပ်ထုတ်ဝေပါတယ်။
အရေးကြီးတဲ့ လီနင်ရဲ့ဖွင့်ဆိုချက်က “လူမျိုးစုများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုသည်မှာ လူမျိုး၊ နယ်မြေ၊ ဘာသာစကား တည်တံ့ပြီးသော လူမျိုးစုများသည် မိမိတို့နှင့်အခြေခံ (ဘာသာစကား၊ ယဉ်ကျေးမှု) မတူသော အခြားလူမျိုးများနှင့် နိုင်ငံရေးအရ ပြတ်ပြတ်သားသား ခွဲခြားထားမှုရှိရမည်။ ထို့ပြင် ထိုလူမျိုးစုတို့သည် လွတ်လပ်သော၊ အချုပ်အခြာပိုင်သော၊ အမှီအခိုကင်းသော အမျိုးသားနိုင်ငံများ တည်ထောင်ခွင့်ရှိရမည်..”
“လူမျိုးတမျိုးသည် အခြားလူမျိုးတမျိုး၏ အဖိနှိပ်ခံဖြစ်နေလျှင် ထိုလူမျိုးသည် ဘယ်တော့မှ လွတ်လပ်မှု မရှိနိုင်၊ ထို့ကြောင့် အလုပ်သမားပါတီသည် လူမျိုးစုအားလုံး၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကာကွယ်ပေးရမည်။ အဆိုပါ လူမျိုးစုရပိုင်ခွင့်ကို ငြင်းဆန်ခြင်းသည် အမျိုးသားရေးဖိနှိပ်မှုဖြစ်ပြီး လူမျိုးကြီးတို့၏အခွင့်ထူးခံမှုကို ကာကွယ်ရာရောက်သည်..”
လီနင်က လူမျိုးစုများကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရ အလုပ်သမားပါတီအနေနဲ့ ‘ခွဲထွက်ခွင့်’ ကို အသိအမှတ်ပြုရမည်လို့ ဆိုထားတယ်။ ခြွင်းချက်အနေနဲ့ ခွဲထွက်ရေးပြဿနာပေါ်တိုင်း ခွဲထွက်ခွင့်ပြုဖို့မဟုတ်၊ အရေးကြီးသည်က လူမျိုးကြီးနဲ့ လူမျိုးစုတို့ကြား အခွင့်အရေးအားလုံး တန်းတူခံစားနိုင်မှု ရှိမရှိ ကြည့်ဖို့နဲ့ လူမျိုးကြီးကသာ အခွင့်ထူးအားလုံး ခံစားမနေအောင် ဆင်ခြင်ဖို့..” လို့လည်း ရေးထားတယ်။ လီနင်က ဆွီဒင်ကနေ နော်ဝေ ခွဲထွက်မှုနဲ့ ပိုလန်၊ အိုင်ယာလန် တို့ရဲ့ပြဿနာတွေကို သုံးသပ်ထားပါတယ်။
အဲဒီ လူမျိုးစုများ၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲထွက်ခွင့် အယူအဆတွေပေါ်အခြေခံပြီး ဒေသနယ်နိမိတ်မျဉ်း ရေးဆွဲခဲ့တာတွေကိုက လီနင်ရဲ့ မဟာအမှား၊ ရုရှားနိုင်ငံအောက်မှာ ထောင်ခဲ့တဲ့ချိန်ကိုက်ဗုံးလို့ ပူတင်က စွပ်စွဲနေတာပါ။ သူက လီနင် ဖျက်ဆီးခဲ့သောဆိုးမွေလို့လည်း သုံးနှုန်းတယ်။ ကနေ့ ယူကရိန်းဟာ လီနင်ရဲ့ ဆိုးမွေဖြစ်ပြီး၊ ၂၀၁၄ ခရိုင်းမီးယားဒေသ ဝင်ရောက်သိမ်းခဲ့မှုဖြစ်ဖြစ်၊ လက်ရှိ ဒိုးနက်စ်နဲ့ လူးဟန်းစ်ဒေသ တို့ကို လွတ်လပ်ရေးကြေညာမှုဖြစ်ဖြစ် လီနင့်အမှားကို သူက ဒိုင်ခံဖြေရှင်းနေရသလိုမျိုး ဆင်ခြေပေး ပြောတာပါပဲ။
ဒါပေမဲ့ ပူတင်က စတာလင်ရဲ့ တပြည်ထောင်စနစ် (Unitary state model) မူကို ထောက်ခံနေသူပါ။ လီနင်မှားပြီး စတာလင် မှန်တယ်လို့ ယုံကြည်နေတာပါ။ စတာလင်က မာက်စ်နဲ့ လီနင်တို့ရဲ့ လူမျိုးစု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အယူအဆကို သံယောင်လိုက်ခဲ့ပေမဲ့၊ လူမျိုးတမျိုးဟာ ကိုယ်ပိုင်အမျိုးသားနိုင်ငံ ပိုင်ဆိုင်ခွင့် ရှိပါသလားဆိုတဲ့ မေးခွန်းကို “နိုး” ပါလို့ ဖြေခဲ့ပါတယ် (Stalin’s booklet The National Question and Leninism, published in 1929)။ စတာလင်လက်ထက် ပြည်သူ သန်း ၂၀ ခန့် သေဆုံးခဲ့ရပေမဲ့ စတာလင်ဟာ နာဇီကို နိုင်အောင်တိုက်ခဲ့သူဖြစ်ပြီး ဆိုဗီယက်အင်ပါယာကို ထိန်းနိုင်ခဲ့သူဆိုပြီး ပူတင်က စံထားနေပါတယ်။
ပူတင် ဘာကိုယုံကြည်လဲ
ဆိုဗီယက်ပြည်ထောင်စုပြိုလဲခြင်းရဲ့ အဓိကကြောင်းတခုက လီနင်နဲ့ ဘော်ရှီဗစ်တွေရဲ့ အမှားကတဆင့် ဘောလ်တစ်ဒေသ၊ ဗဟိုအာရှ၊ ကော့ကေးဆပ်ဒေသ နိုင်ငံ ၁၄ နိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံတွေ တောင်းဆိုခဲ့လို့ ဆိုပြီး ပူတင်က စိတ်ရောဂါဖြစ်နေတာပါ။ ဒါကြောင့် သူက ရုရှားအင်ပါယာကို ကာကွယ်ပေးနေရသူလို့ အကြောင်းပြပြီး၊ ရုရှားအများစုကလည်း အဲဒီအတိုင်း ယုံကြည်နေတာပါ။
ပူတင်က သူဟာ ကေဂျီဘီထောက်လှမ်းရေးအရာရှိတာဝန် ထမ်းဆောင်ခဲ့သူဖြစ်လို့ ကွန်မြူနစ်ဝါဒကို ရိုးသားစွာ ယုံကြည်ခဲ့တယ်လို့ ပြောဖူးတယ်။ ဒါပေမဲ့ ကွန်မြူနစ်ဝါဒကပြောတဲ့ တရားမျှတဲ့ လူ့အဖွဲ့အစည်းဆိုတာ သမ္မာကျမ်းစာစကားတွေနဲ့ အတော်ဆင်ပြီး လက်တွေ့မြေပြင်အခြေအနေနဲ့တော့ ကွာခြားတယ်လို့လည်း ပြောပါတယ်။ ဒီတော့ ပူတင်က ကွန်မြူနစ်လည်း သေချာမယုံ ဒီမိုကရေစီလည်းမယုံ ဘာကိုယုံကြည်ပါသလဲ။
ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင်လမှာ ပူတင်ရေးထားပြီး နာမည်ဆိုးထွက်ခဲ့တဲ့ အက်ဆေး ‘On the historical unity of Russians and Ukrainians’ က သူ့ယုံကြည်မှုကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ ရှည်လျားတဲ့ သူ့ရဲ့အက်ဆေး အတိုချုပ်က သူနဲ့ လက်ရှိရုရှားလူ့မလိုင်တစုဟာ ကွန်မြူနစ်ဆိုဗီယက်အင်ပါယာဟောင်း ထက်ကိုပိုပြီး၊ ၁၉ ရာစု ဇာဘုရင်အုပ်ချုပ်ခဲ့တဲ့ ဆာလ်ဗစ်အင်ပါယာ (Great Slavic Empire) အုပ်ချုပ်မှုကို ပြန်လိုချင်တာပါ။ အဲဒီအင်ပါယာခေတ်မှာ ယူရေးရှား၊ ဗဟိုအာရှ၊ အနောက်အာရှ၊ အမြောက်အာရှ၊ အရှေ့ဥရောပ၊ အနောက်ဥရောပတို့ထိ ကျယ်ပြန့်ပြီး နိုင်ငံပေါင်း ၄၀ နီးပါး လက်အောက်ခံ ရှိခဲ့ပါတယ်။
နောက်ပြီး ပူတင်က သူ့အက်ဆေးမှာရော သူ့မိန့်ခွန်းမှာပါ ယူကရိန်းဟာ ရုရှားပိုင်မြေလို့ အကြိမ်ကြိမ် ပြောနေတာပါ။ ယူကရိန်းသာမက ရုရှားအိမ်နီးချင်းတွေ၊ အင်ပါယာအောက်က ခွဲထွက်သွားတဲ့နိုင်ငံတွေဟာ ရုရှားရဲ့ ဆုံးရှုံးနယ်မြေတွေပြန်ရဖို့ အင်ပါယာလက်တုံ့ပြန်မှု (Imperial Revanchism) ကို ခံစားရစေမယ်လို့ ကြိမ်းဝါးပါတယ်။ အခု ယူကရိန်းကို ပယ်ပယ်နယ်နယ် ဆုံးမပြတာကနေ အခြားအိမ်နီးနားချင်းတွေ ရုရှားကို ကြောက်လန့်နေစေရမယ်ဆိုတဲ့ မိုက်ရူးရဲဆန်မှုပါ။
ရုရှားအကျပ်အတည်း
ပူတင်က အင်ပါယာရူးနေပေမဲ့ ရုရှားပြည်တွင်းရေးက ဟန်လှတာမဟုတ်ပါဘူး။ ဆိုဗီယက်နိုင်ငံဟောင်း ရုရှားအိမ်နီးချင်းအများစုက ဥရောပသမဂ္ဂထဲပါဝင်ပြီး စီးပွားရေးတွေ တိုးတက်နေပေမဲ့ ရုရှားက အနောက်ရဲ့ ဒဏ်ခတ်အရေးယူမှုအောက် ဝမ်းလျားမှောက်နေရတာပါ။ ရေနံ ဓာတ်ငွေ့ လက်နက်ရောင်းချမှုနဲ့ အဓိက အသက်ဆက်နေတာပါ။ ယူကရိန်းရဲ့ စီးပွားရေးက တရိပ်ရိပ်တက်နေတာကိုပဲ မလိုတမာဖြစ်မှု၊ မလုံခြုံမှု၊ သိမ်းပိုက်လိုမှုတွေ မရိုးမရွဖြစ်နေခဲ့တာပါ။
ပူတင်က အင်ပါယာဟောင်းအိပ်မက်အတွက် ယူကရိန်းအပေါ် လက်စားချေဖျက်ဆီးမှု စတင်နေတာကို သူ့ပြည်တွင်းကကော ဘယ်လောက်ခံနိုင်မလဲ၊ သူက ဘယ်လောက်ထိ အဆုံးစွန် မိုက်ရိုင်းနိုင်မလဲ၊ ယူကရိန်းကို မီးလောင်တိုက်သွင်းပြီး သူတင်ချင်ခဲ့သူ တင်ဖို့ကြိုးစားတာဟာ သူ့ရဲ့အောင်ပွဲ အမှန်တကယ် ဖြစ်လာမလား။ ရုရှားဟာ အင်ပါယာဟောင်း လက်စားချေစစ်ပွဲအတွက် လက်နက်၊ ငွေကြေး ရေနံ ဘယ်လောက်ပဲ စုဆောင်း ပြင်ဆင်ထားထား တကမ္ဘာတခုလုံးရဲ့ မုန်းတီးမှု ကျဉ်ဖယ်မှု ခံရမှာ သေချာနေပါတယ်။ ရုရှားဘဏ်တွေ အစိုးရငွေတိုက်စာချုပ် ရောင်းချမှုတွေ ရေနံပိုက်လိုင်းတွေနဲ့ ရုရှားဘီလီယံနာတွေဟာ အားလုံးရဲ့ပိတ်ဆို့မှု (Mother of All Sanctions) အောက်မှာ ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မလဲ။
လက်ရှိ ယူကရိန်းအကျပ်အတည်း၊ ယူကရိန်းစစ်ပွဲက အချိန်ကြာကြာ နှစ်ကြာကြာ မစောင့်ရဘဲ ဘက်ပြန်ပြီး ရုရှားအကျပ်အတည်း ဖြစ်သွားမှာပါ။
ရဲမြင့်ကျော်
ရည်ညွှန်း
-Address by the President Valdimir Putin of the Russian Federation; February 21, 2022
-Essay: On the Historical Unity of Russians and Ukrainians by Vladimir Putin; July 12, 2021
- The Right of Nations to Self-Determination by Vladimir Ilyich Lenin, 1903
- Vladimir Putin accuses Lenin of placing a 'time bomb' under Russia; The Guardian, 26 Jan 2016