close

ရဲယူနီဖောင်း

close

February 3, 2023

လူ ၁၀၀ ကျော်သေဆုံးခဲ့သည့် ပါကစ္စတန်ဗလီဗုံးခွဲသူ ရဲယူနီဖောင်းဝတ်ထားဟု ရဲချုပ်ပြော

ပါကစ္စတန်နိုင်ငံ ပက်ရှဝါမြို့ရှိ ရဲဝင်းအတွင်း ဗလီတခုမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲသူဟာ ရဲယူနီဖောင်း ဝတ်ဆင်ထားပြီး မော်တော်ဆိုင်ကယ်နဲ့ လုံခြုံရေးမြင့်တဲ့ ဧရိယာထဲ ဝင်လာတာကို စီစီတီဗွီရိုက်ကူးထားကြောင်း ပြည်နယ်ရဲချုပ်က ဖေဖော်ဝါရီ ၂ ရက်မှာ ပြောကြားပါတယ်။

ဇန်နဝါရီ ၃၀ ရက် တိုက်ခိုက်မှုနောက်ကွယ်က ဗုံးခွဲသူကို စစ်သွေးကြွကွန်ရက် အဖွဲ့ဝင်တဦးအဖြစ် သတ်မှတ်ထားကြောင်း ခိုက်ဘာပက်ရှ်တွန်ခွာ ပြည်နယ်ရဲချုပ် မိုအာဇမ် ဂျာ အန်စာရီက သတင်းထောက်တွေကို ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောပါဘူး။ 

စီစီတီဗွီ မှတ်တမ်းမှာတော့ ဆိုင်ကယ်စီးဦးထုပ်နဲ့ မျက်နှာဖုံးဝတ်ဆင်ထားတဲ့ ဗုံးခွဲသူဟာ ရဲတပ်ဖွဲ့နယ်မြေရဲ့ အဓိက စစ်ဆေးရေးဂိတ်ကိုဖြတ်ပြီး ဆိုင်ကယ် စီးနင်းသွားတာ မြင်ရကြောင်း အန်စာရီက ပြောပါတယ်။

နောက်တော့ ဆိုင်ကယ်ကိုရပ်ပြီး ဗလီကို လမ်းညွှန်ခိုင်းကာ အဲဒီဘက်ကို လျှောက်သွားခဲကြောင်း၊ ပင်မဝင်ပေါက်ရှိ ရဲအစောင့်တွေက သူ့ကို တပ်ဖွဲ့ဝင်တဦးလို့ ထင်မှတ်ပြီး စစ်ဆေးခြင်း မပြုခဲ့ကြောင်းလည်း သူကပြောပါတယ်။

“ဒါဟာ လုံခြုံရေးပျက်ယွင်းမှုလို့ ဝန်ခံပါတယ်။ ကျနော့်လူတွေက အဲဒါကို တားလို့မရဘူး။ ဒါ ကျနော့်အပြစ်ပါ” လို့ ပြည်နယ်ရဲချုပ် အန်စာရီက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေကို ဆယ်စုနှစ်များစွာ ခံစားခဲ့ရတဲ့ ပက်ရှဝါမြို့မှာ ဆယ်စုနှစ်အတွင်း အသေအပျောက်အများဆုံး ဗုံးခွဲမှုဖြစ်ပါတယ်။

သေဆုံးသူတွေထဲက ၃ ဦးကလွဲရင် ကျန်သူအားလုံးဟာ ရဲအရာရှိတွေချည်း ဖြစ်တာကြောင့် လတ်တလော ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေကို အဆိုးရွားဆုံးတိုက်ခိုက်မှု ဖြစ်လာခဲ့ပါတယ်။

ဒေသတွင်းမှာ အလှုပ်ရှားဆုံး စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ ပါကစ္စတန် တာလီဘန်အဖွဲ့ (TTP) က ဗလီတိုက်ခိုက်မှုအတွက် သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုထားပါတယ်။

ပါကစ္စတန် တာဝန်ရှိသူတွေကတော့ ဂျာမတ်အူလ်အာရာ လို့ခေါ်တဲ့ TTP ရဲ့ ခွဲထွက်အဖွဲ့တဖွဲ့ ပါဝင်နေတယ်လို့ သံသယရှိကြောင်း ပြောပါတယ်။

11 mins Ago
Up