တနင်္သာရီ၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းရွာမှာ နေထိုင်တဲ့ ရဲဝန်ထမ်းဟောင်း ဦးတင်ထွန်း (ခ) ပုဂံကျိုးကို ရှမ်းလမ်းဆုံအနီးမှာ TPDF အဖွဲ့က နိုဝင်ဘာ ၂၂ ရက် မနက် ၁၀ နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ TPDF က ထုတ်ပြန်ပါတယ်။
သေဆုံးသွားတဲ့ ရဲဝန်ထမ်းဟောင်းဟာ PDF မိုင်းထောင်ထားတဲ့ နေရာတွေကို လမ်းပြကာ စစ်တပ်ကို သတင်းပေးနေတာကြောင့် အခုလို ပစ်သတ်လိုက်ရတာဖြစ်ပြီး အခုဖြစ်စဉ်ဟာ အနီးနားပတ်ဝန်းကျင်က ရွာသားတွေနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဦးတင်ထွန်းဟာ ခြေတဖက်မရှိတဲ့ ကိုယ်အင်္ဂါချို့တဲ့သူတယောက်ဖြစ်ကာ အာဏာမသိမ်းမီကတည်းက ရဲဝန်ထမ်းကနေထွက်ပြီး ပုဂေါဇွန်းရွာသူတဦးနဲ့ အိမ်ထောင်ကျကာ ပုဂေါဇွန်းရွာမှာ အခြေချနေထိုင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကလည်း ရှမ်းလမ်းဆုံအနီးမှာ အသတ်ခံထားရတဲ့ ပုဂေါဇွန်းရွာသားတယောက်ရဲ့ ရုပ်အလောင်းတခု တွေခဲ့ရပါသေးတယ်။
ရေဖြူမြို့နယ် ပုဂေါဇွန်းရွာမှာ စစ်တပ်နဲ့နီးစပ်တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်မှုထမ်းဟောင်း စတဲ့လူတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေရှိသလို စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ စွန်ရဲအဖွဲ့၊ သွေးသောက်အဖွဲ့တွေက NLD ပါတီ ထောက်ခံသူတွေနဲ့ တခြားအရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ် အလောင်းဖျောက်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်မှာ နိုဝင်ဘာ ၈ ရက် ဒီနေ့မနက် ၈ နာရီခွဲလောက်က ရဲဝန်ထမ်းဟောင်းတယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
ရဲဝန်ထမ်းဟောင်း ဦးသိန်းထွန်းဦးကို အမည်မသိ သေနတ်သမား နှစ်ယောက်က ဆိုင်ကယ်နဲ့ လာရောက်ပြီး မောင်ငံရပ်ကွက် ရွှေဗျိုင်းဖြူဘုရားအနီးမှာ သေနတ်နဲ့ ပစ်သတ်သွားခဲ့တာဖြစ်ပြီး သေနတ်ဒဏ်ရာ ၃ ချက်နဲ့ အခင်းဖြစ်ရာ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီ သတင်းပေး ဦးသိန်းထွန်းဦးကို သူတို့အဖွဲ့က သုတ်သင်ရှင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ရဲဝန်ထမ်းဟောင်း တစ်ဦးဖြစ်တဲ့ ဦးသိန်းထွန်းဦးဟာ PDF တွေကို ခြိမ်းခြောက်တာ၊ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးလို့ သုတ်သင်ရှင်းလင်းရတာလို့ လည်းဆိုပါတယ်။
အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မော်လမြိုင်မြို့ပေါ် ရပ်ကွက်အများစုမှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။