close

ရဲဝန်ထမ်းအိမ်ရာ

close

September 5, 2021

မြို့သစ်မြို့ရှိ ရဲဝန်ထမ်းအိမ်ရာ ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြို့သစ်မြို့၊ ရွှေလရောင်ကွက်သစ်မှာရှိတဲ့ ရဲဝန်ထမ်းအိမ်ရာကို စက်တင်ဘာ ၅ ရက် ဒီမနက် ၅ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံစျေးဆိုင်ပိုင်ရှင်တဦးက “ဆိုင်ဖွင့်နေတုန်း ‘အုန်း’ဆိုတဲ့အသံ ကြားပြီး ရဲတွေ ဝရုန်းသုန်းကား ဆိုင်ကယ်တွေနဲ့ ထွက်လာလို့ မေးကြည့်တော့မှ ရဲဝန်ထမ်းအိမ်ရာမှာ ဗုံးကွဲတာလို့ သိရတာ။ ဘာတွေထိကုန်လဲ မေးတော့ ပြန်မပြောဘူး” လို့ ပြောပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လူတွေထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။  

ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူလူထုနဲ့ရပ်တည်မှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပြီး ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်နေတဲ့အတွက်ကြောင့် အခုလို ဗုံးခွဲတိုက်ခိုက်တာလို့  ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြေညာထားပါတယ်။

ရဲဝန်ထမ်းအိမ်ရာ ဗုံးခွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ မြို့သစ်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မဖြေဆိုနိုင်ဘူးလို့သာ ပြန်လည်ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း  မြို့သစ်မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၊ ဓာတ်အားခွဲရုံနဲ့ စက်တင်ဘာလ ၄ ရက်ညက မြို့သစ်စည်ပင်ရုံးတို့ကို ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

6 mins Ago
Up