close

ရဲဝံ့လင်းယုန်

close

September 14, 2022

အမြစ်ဆွေးမြည့်၊ ပုပ်သိုးနေသော မြန်မာ့စစ်တပ်

မြန်မာ့စစ်တပ်ကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင် တည်ထောင်ခဲ့တာပါ။ မြန်မာစစ်တပ်ရဲ့ အဦးအစကာလဖြစ်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) တို့ဟာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တပ်မတော်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီခေတ်ကာလ တပ်မတော်ကို အမျိုးသားလွတ်မြောက်ရေး နိုင်ငံရေးအင်အားစုတွေအပေါ် အခြေခံဖွဲ့ခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်တပ်ကိုအခြေပြုပြီး နိုင်ငံရေးလုပ်တာကို ခွင့်မပြုခဲ့ပါဘူး။ သူကိုယ်တိုင်လည်း မလုပ်ခဲ့ပါဘူး။ တိုင်းပြည် လွတ်လပ်ရေးအတွက် နိုင်ငံရေးအရ ဦးဆောင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်တပ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲဒီအချိန်အထိ မြန်မာ့စစ်တပ်ထဲမှာ ဖက်ဆစ်စနစ် သန္ဓေမတည်မတည်သေးပါဘူး။

လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ကာလမှာလည်း စစ်တပ်က လူထု ရွေးချယ်တင်မြှောက်တဲ့ အစိုးရရဲ့ လက်အောက်မှာ ကာကွယ်ရေးသက်သက် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက်ဖက်ဆစ်စစ်တပ်လို့ မပြောနိုင်သေးပါဘူး။ နိုင်ငံရေး ကွဲပြားမှုအပေါ် အခြေခံပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ခဲ့တာရှိပေမဲ့ လူထုအစိုးရရဲ့ ဦးဆောင်မှုနဲ့ပဲ တိုက်ခိုက်ခဲ့တာပါ။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်မှာတော့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်ဟာ အိမ်ကြီးထဲမှာ အိမ်ငယ် စဆောက်လာပါတယ်။ ဒီကာလမှာ ဖက်ဆစ်သန္ဓေ စတည်လာတယ် ပြောနိုင်ပါတယ်။ 

ဒီနေရာမှာ ဖက်ဆစ်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။ စစ်တပ်ကို လက်ကိုင်ပြုပြီး ကိုယ့်ရဲ့အကျိုးစီးပွား၊ ကိုယ့်အုပ်စုရဲ့ အကျိုးစီးပွားအတွက် ပြည်သူလူထုအပေါ် ဖိနှိပ်အုပ်ချုပ်ခဲ့ရင် ဒါကို ဖက်ဆစ်စနစ်လို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ပါလီမန်ဘောင် ရှိနေသေးတဲ့အတွက် မြန်မာစစ်တပ်ရဲ့ ဖက်ဆစ်စနစ်ဟာ ပီပီပြင်ပြင်တော့ မရှိသေးပါဘူး။ သန္ဓေတည်စပပဲ ရှိပါသေးတယ်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မြန်မာစစ်တပ်ဟာ ဖက်ဆစ်လမ်းကြောင်းပေါ်  လုံးဝ ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ တခုတည်းသော ဦးဆောင်ပါတီ ဆိုတဲ့ ဆိုရှယ်လစ်စနစ် မျက်နှာဖုံးအောက်မှာ စစ်တပ်ဟာ ပါတီရဲ့ ပင်မဒေါက်တိုင်ကဏ္ဍမှာပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အစပိုင်းကာလတွေမှာ သခင်တင်မြ၊ ဦးချစ်လှိုင်နဲ့ ဦးသိန်းဖေမြင့်တို့လို ဆိုရှယ်လစ် နိုင်ငံရေးအင်အားစုတွေရဲ့ အခန်းကဏ္ဍ ရှိခဲ့ပါသေးတယ်။ တတိယအကြိမ် ပါတီညီလာခံအလွန် ကျင်းပခဲ့တဲ့ အရေးပေါ် ပါတီညီလာခံနောက်ပိုင်းမှာတော့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ထိပ်တန်း၊ အဓိကတာဝန်တွေကို စစ်တပ်အရာရှိကြီးတွေကပဲ ချုပ်ကိုင်ရရှိခဲ့တာပါ။ ဒီအချိန်မှာတော့ မြန်မာစစ်တပ်ရဲ့ ဖက်ဆစ်စစ်တပ်လက္ခဏာတွေဟာ အတော်ကြီး ပီပြင်လာခဲ့ပါပြီ။ စစ်တပ်ဟာ အုပ်ချုပ်သူအလွှာကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ဖြစ်လာပြီး ကျန်တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးက အုပ်ချုပ်ခံလူတန်းစား ဖြစ်လာပါတယ်။ ဒါပေမဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ အပေါ်ယံ မျက်နှာဖုံး နိုင်ငံရေးဦးဆောင်မှု ရှိနေပါသေးတယ်။

ရှစ်လေးလုံး အရေးတော်ပုံကို အာဏာသိမ်း ဖြိုခွဲပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ စစ်ကောင်စီ) လက်ထက်မှာတော့ စစ်တပ်ဟာ ဖက်ဆစ်စနစ်ကို အပြည့်အဝ ကျင့်သုံးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ နဝတ စစ်ကောင်စီဟာ နိုင်ငံရေး အာဏာအပေါ် အခြေခံတဲ့ ခရိုနီအလွှာတရပ်ကို မွေးဖွားခဲ့ပြီး မပီမပြင် ဈေးကွက်စီးပွားရေးစနစ်တရပ်ကို ဖန်တီးခဲ့ပါတယ်။ ဟန်ပြပါတီစုံဒီမိုကရေစီစနစ်ကို အကန့်အသတ်၊ အချုပ်အနှောင်များစွာနဲ့ ရပ်တည်ခွင့်ပေးခဲ့ပါတယ်။ 

လူထုရဲ့ဆန္ဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး ရပ်တည်ခဲ့ရတဲ့အတွက် အဲဒီကာလမှာ မြန်မာစစ်တပ်ရဲ့ အမြစ်တွေဟာ စတင်ညှိုးခြောက်လာပါတယ်။ အုပ်ချုပ်သူ လူတန်းစားမှာ ပါဝင်ခွင့်ရရေးဆိုတဲ့ ရည်မှန်းချက်နဲ့ စစ်တပ်ထဲ ဝင်ရောက်မှုဟာ ပင်မလက္ခဏာ ဖြစ်လာပါတယ်။ ဆရာမွေး၊ တပည့်မွေး၊ အုပ်စုဖွဲ့ပြီး အာဏာချုပ်ကိုင်နိုင်ရေး ကြိုးပမ်းမှုက စစ်တပ်တခုလုံးကို လွှမ်းမိုးလာပါတယ်။ အကျင့်ပျက် လာဘ်စားမှုတွေ ကျယ်ပြန့်လာပါတယ်။ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတွေရဲ့ ကြွယ်ဝမှုဟာ ကြောက်ခမန်းလုလု ဖြစ်လာပါတယ်။ အထက်အရာရှိကြီးတွေကို ‘ဖား’နိုင်မှသာ ထိပ်ပိုင်းကို ရောက်နိုင်တဲ့ အခြေအနေအောက်မှာ အရည်အချင်း အဓိကထားတဲ့ စစ်တပ် အရာရှိတွေဟာ လမ်းတဝက် ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ် အဆင့်မှာပဲ ‘ဘေး’ရောက်သွားပါတယ်။ နောက်ပိုင်း ‘မဖား’နိုင်ရင် ဘယ်လိုအဆင့်မျိုးမှ ရာထူးတိုး မရနိုင်တော့တဲ့အတွက် စစ်တပ်ရဲ့ အရည်အသွေးဟာ ကျဆင်းလာပါတယ်။ တိုက်ရည်ခိုက်ရည်လည်း ကျဆင်းလာပါတယ်။

စစ်တပ်ကို အကျင့်ပျက် လာဘ်စားမှုနဲ့ ချုပ်ကိုင်၊ အုပ်ချုပ်နေတာဖြစ်တဲ့အတွက် တပ်ရဲ့ ဖွဲ့စည်းပုံယန္တရားနဲ့ ဆက်စပ်နေတဲ့ အချက်အလက်တွေဟာ အလွဲလွဲအမှားမှားတွေ ဖြစ်ပြီး လူကြီးကြိုက်ဖြစ်အောင် အလိမ်အညာတွေနဲ့ သကာရည်လောင်းခဲ့ပါတယ်။ တပ်ပြေးတွေ များလာပြီး၊ တပ်ရဲ့ ဖွဲ့စည်းပုံဟာ ပုံပျက်ပန်းပျက် ဖြစ်လာပါတယ်။ ဘယ်ဟာ အမှန်၊ ဘယ်ဟာ အမှား ဆိုတာကို သူတို့ကိုယ်တိုင်တောင် ခွဲခြားမရ ဖြစ်လာပါတယ်။ ဥပမာပြောရရင် တပ်တွင်း ဖူလုံရေးအတွက် စပါးဧက ၁၀၀ စိုက်တယ်ဆိုရင် အမှန်ကတော့ သုံး လေးဆယ်ထက် မပိုပါဘူး။ ဒီလို အလားတူဖြစ်ရပ်တွေဟာ တပ်ထဲမှာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက် ဖြစ်နေပါတယ်။ ကိုယ့်ထက် အဆင့်ကြီးတဲ့ အရာရှိကြီးတွေကို လင်ရော၊ မယားပါ ငယ်ကျွန်လို ခခယယ ကျို့ယို့ ခစားနိုင်မှသာ အရာရှိငယ်တွေဟာ နောက်တဆင့်တက်ဖို့ မျှော်လင့်နိုင်တာပါ။ တပ်သားတွေရဲ့ ဘဝကတော့ ကျွန်ပိုင်ရှင်စနစ်က ကျွန်တွေလို နေနိုင်မှပဲ၊ ရှင်သန် ရပ်တည်ရတာပါ။

မအလ လက်ထက်မှာတော့ တပ်တွင်းမှာ အကျင့်ပျက် ခြစားပြီး ဆရာမွေး၊ တပည့်မွေး လုပ်ကြတာဟာ အကန့်အသတ်မဲ့ ဖြစ်သွားပါတယ်။ ရလဒ်ကတော့ တပ်ရဲ့ အရည်အသွေးနဲ့ တပ်တွင်း စုစည်းကျစ်လျစ်မှုဟာ သမိုင်းမှာ မကြုံဖူးတဲ့အဆင့်အထိ စိုက်ဆင်းသွားခဲ့ပါတယ်။ မအလ စစ်တပ်ဟာ ရုရှား တိုက်လေယာဉ်ပျံတွေ၊ အိန္ဒိယရေငုပ်သင်္ဘောတွေ၊ ဒုံးပျံပစ်စင်အမျိုးမျိုးတွေနဲ့ အကြီးအကျယ် ဟိတ်ဟန်ထုတ်နေပေမဲ့ ရရာ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ PDF တွေကို မနည်းတောင့်ခံ တိုက်ခိုက်နေရတာပါ။ မြန်မာ့သမိုင်းတလျှောက် ပြည်သူလူထုရဲ့ မုန်းတီးစက်ဆုပ်မှုကို ဘယ်ကာလနဲ့မှမတူအောင် ရင်ဆိုင် ခံစားနေရတာ ဖြစ်လို့ တပ်တွင်း ‘ခံယူချက်၊ တိုက်ခိုက်လိုစိတ်’တွေဟာ အနုတ်လက္ခဏာပြနေပါပြီ။ 

ဆရာမွေး၊ တပည့်မွေး စနစ်နဲ့ ထိပ်ပိုင်းအရာရှိကြီးတွေ ဖြစ်လာကြသူတွေမှာ တိုက်ရည်ခိုက်ရည်ကလည်း ပါမလာ၊ လူထုထောက်ခံမှုကလည်း နတ္ထိဆိုတော့ လေကြောင်းပစ်ကူ မပါခဲ့ရင် မတိုက်ရဲတော့တာက အံ့ဩစရာ မဟုတ်တော့ပါဘူး။ 

ဦးနှောက်မှန်တဲ့လူဆိုရင် တိုင်းပြည်အနာဂတ် ပျောက်နေတယ် ဆိုတာကို မကြည့်ရင်ကို မြင်နေရတာပါ။ အဆင့်ဆင့် ချုပ်ကိုင်၊ အုပ်ချုပ်တဲ့ တပ်တွင်းစနစ်ကြောင့်သာ ပွင့်အန်ထွက်မလာသေးပေမဲ့ တပ်တွင်း စုစည်းကျစ်လျစ်မှုက ရေခဲအရည်ပျော်သလို ပျော်ကျနေပါပြီ။ သေကျေထိခိုက် ဒဏ်ရာရတဲ့နှုန်း အဆမတန် ခုန်တက်နေတာကလည်း စီးပွားရေး ဖိစီးမှုနည်းတူ တပ်တွင်းမိသားစု များစုကို သွေးပျက်အောင် ခြောက်လှန့်နေပါပြီ။ ‘ငါတို့ မှန်တယ်’ လို့ ကြွေးကြော်ဝံ့စရာကလည်း မရှိ၊ အသက်သေရင် သေပါစေလို့ ယုံကြည်လောက်စရာကလည်း မရှိ။ ပြောရရင် ဒီအခြေအနေဟာ စစ်တပ်ရဲ့ ပင်ရင်း၊ ရေသောက်မြစ်အားလုံး ပုပ်သိုး ဆွေးမြည့်နေပါပြီ။ ဖိအားပေါင်းစုံရဲ့အောက်မှာ အမြစ်တွေ ပြတ်တောက် ပြိုလဲပြီး စစ်တပ် ဆိုတဲ့ ပင်စည်ကြီးပါ လဲပြိုတော့မယ့်ကိန်း ဆိုက်နေပါပြီ။

တဘက်မှာတော့ PDF တွေက ငါတို့မိသားစု၊ ငါတို့ရပ်ရွာ၊ ငါတို့နိုင်ငံရဲ့ အနာဂတ်အတွက် ဆိုတဲ့ ပီပြင်ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ တိုက်ခိုက်နေတာပါ။ စစ်ပွဲတို့ရဲ့ သဘောမှာ စိတ်ဓာတ်ခံယူချက်က အခရာပါ။ 

ယူကရိန်းနဲ့ ရုရှား စစ်ပါ။ အင်အားအရာမှာ ရုရှားဟာ ယူကရိန်းထက် ဆယ်ဆမက သာပေမဲ့ ယူကရိန်းကို အနိုင်ယူနိုင်တဲ့အနေအထား မရှိတော့ပါဘူး။

ဒါကြောင့် PDF တွေအပါအဝင် နွေဦးတော်လှန်ရေးရဲ့ မျက်နှာစာပေါင်းစုံက အထွေထွေတိုက်ပွဲတွေဟာ မလွဲမသွေ အောင်ပွဲခံမှာပါ။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲကို လှမ်းမြင်နေရပါပြီ။ 

ရဲဝံ့လင်းယုန်

4 days Ago

August 26, 2022

နွေဦးတော်လှန်ရေး ရှေ့ဆက်ခရီး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာရဲ့ ခရီးစဉ်က စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ အနာဂတ်အတွက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးဖို့ စိတ်ကူးလုံးဝမရှိဘူး ဆိုတာကို ပီပီပြင်ပြင်၊ ပြတ်ပြတ်သားသား ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်ရွှေ့ပေးမလိုလို၊ တွေ့ဆုံဆွေးနွေးရေး လုပ်တော့မလိုလို လုပ်ပြခဲ့ပေမဲ့ တကယ်လက်တွေ့ ဆောင်ရွက်ဖို့ စိတ်ကူး လုံးဝမရှိဘူးဆိုတာက အတိုင်းသား ပေါ်လွင်နေပါတယ်။ ရလဒ်ကတော့ ရှင်းပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ဖို့က လုံးဝ မဖြစ်နိုင်တော့ပါဘူး။

အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝန်း တရပ်လုံးက မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းရေးမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်အပေါ်မှာပဲ အခြေခံခဲ့ကြတာပါ။ ဒါကြောင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးက မဖြစ်နိုင်တော့ဘူးဆိုတာ ပေါ်လွင်လာပြီ ဖြစ်တဲ့အတွက် အနာဂတ်မှာ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းတဲ့အခါ ဘယ်လိုအချက်တွေအပေါ် ကိုင်တွယ်ဆောင်ရွက်ကြမလဲ ဆိုတာကို ဆုံးဖြတ်ရမယ့်အချိန် ရောက်လာပါပြီ။

ပထမဦးဆုံး ဆောင်ရွက်ရမှာက စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် အာဏာသိမ်းခဲ့ (တိတိကျကျပြောရရင် နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ခဲ့တာပါ) သလို ကိုယ့်ပြည်သူလူထုအပေါ် မြေလှန် မီးရှို့၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အတွက် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် လုံးဝဆုံးရှုံးသွားပြီ ဆိုတာကို အတိအကျ ဖော်ပြရမှာပါ။

အခုလာမယ့် စက်တင်ဘာ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပတဲ့အခါ ဒီအချက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီက မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရမှာ သေချာပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရအောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ အနိမ့်ဆုံး မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ခြင်း မရှိသေးသရွေ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုခွင့် ရရှိရေးကို ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါတယ်။

တပြိုင်တည်းမှာပဲ အာဆီယံတွေအနေနဲ့ မလေးရှားနိုင်ငံရဲ့ စံနမူနာလုပ်ရပ်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တရားဝင် တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ရေးကို ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက ဆောင်ရွက်နေပြီလို့လည်း သိရပါတယ်။ အဲဒီကတဆင့် အာဆီယံ ထိပ်သီးအစည်းအဝေးကနေ စစ်ကောင်စီနဲ့ ထိတွေ့ဆောင်ရွက်မှုအားလုံး ရပ်ဆိုင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုက်ရိုက်ထိတွေ့ ဆောင်ရွက်သွားမယ် ဆိုတာကို ဆုံးဖြတ်ချက်ချ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဒီဆုံးဖြတ်ချက်သာ ချနိုင်ပြီဆိုရင် မြန်မာနိုင်ငံအရေးမှာ စစ်ကောင်စီနဲ့ ဆွေးနွေးရေးကို သံယောဇဉ်မကုန်ဖြစ်နေတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့လို နိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရေးကို တွန်းအားပေး အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ လက်ရှိမှာကို အမေရိကန်နိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရားဝင် ထိတွေ့ညှိနှိုင်း ဆောင်ရွက်နေပြီဖြစ်လို့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်တို့လို နိုင်ငံတွေကို တွန်းအားပေးရာမှာ အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်က အထောက်အပံ့ကောင်း ဖြစ်နိုင်ပါတယ်။

၂၀၂၂ ခုနှစ် အမေရိကန်နိုင်ငံ ဘတ်ဂျက်ဥပဒေအရ အမေရိကန်အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရကို စစ်ရေးမဟုတ်တဲ့ ဘဏ္ဍာရေးအကူအညီ ဒေါ်လာ ၁၃၆ သန်း ပေးဖို့ကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးနေပါပြီ။

ဒီမိုကရေစီ မြှင့်တင်ရေးနဲ့ လူသားချင်းစာနာရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဘဏ္ဍာရေး အကူအညီတွေကို ပေးအပ်သွားမှာပါ။ လူသားချင်းစာနာရေး အကူအညီတွေကို တကယ် အတိဒုက္ခရောက်နေတဲ့ တိုင်းရင်းသားပြည်သူတွေလက်ထဲ အရောက်ပေးပို့နိုင်ဖို့ဆိုရင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။

အမေရိကန်ကွန်ဂရက်က အတည်ပြုထားတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လက်တွေ့ ပံ့ပိုးပေးနိုင်ဖို့၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်း တွန်းအားပေးမှာက သေချာပါတယ်။ ဒီလို ပံ့ပိုးကူညီမှုတွေက နွေဦးတော်လှန်ရေး အင်အားစုတွေ ချုပ်ကိုင်၊ စိုးမိုးတဲ့ နယ်မြေတွေ ခိုင်မာ၊ ကျယ်ပြန့်ရေးကို တတပ်တအား တွန်းအားဖြစ်စေမှာပါ။

မြန်မာ့အရေးမှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ရဲ့ လုံခြုံရေးကောင်စီအတွင်း ဗီတိုအာဏာ ကျင့်သုံးပိုင်ခွင့်ကြောင့် ဘယ်လို ထိရောက်တဲ့ ဆုံးဖြတ်ချက်ကိုမှ ချနိုင်မှာမဟုတ်ဘူး ဆိုပြီး ပြည်သူတွေကြား အားလျော့နေတာကို သတိထားမိပါတယ်။ တကယ်ကတော့ ဒီထင်မြင်ချက်ဟာ မမှန်ပါဘူး။

ကုလသမဂ္ဂ အထွေထွေညီလာခံက ငြိမ်းချမ်းရေးအတွက် တညီတညွတ်တည်း ဆောင်ရွက်ခြင်း (Uniting for Peace) ခေါင်းစဉ်အောက်ကနေ လုံခြုံရေးကောင်စီကို ကျော်ပြီး (လုံခြုံရေးကောင်စီရဲ့ အတည်ပြုချက်မလိုဘဲ) ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။

၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃ ရက်နေ့၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် (United Nations General Assembly Resolution 377A) အရ အခုလို ဆုံးဖြတ်ပိုင်ခွင့် ရှိတာပါ။

ကမ္ဘာ့တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအပေါ် အရေးတကြီး ထိခိုက်တဲ့ ကိစ္စရပ် ပေါ်ပေါက်လာချိန်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဗီတိုအာဏာကြောင့် အရေးယူ ကိုင်တွယ်ဖြေရှင်းလို့မရ ဖြစ်နေခဲ့ရင် အရေးပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံ ခေါ်ပြီး ဆုံးဖြတ် ကိုင်တွယ်ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။

ဒီလိုဆုံးဖြတ်ချက်မျိုးကို ကုလသမဂ္ဂသမိုင်းမှာ ၁၃ ကြိမ်အထိ ကျင့်သုံးဆောင်ရွက်ခဲ့ဖူးတဲ့ အစဉ်အလာ ရှိပါတယ်။

နောက်ဆုံးအကြိမ်က ယူကရိန်းကို ရုရှားနိုင်ငံ ဝင်ရောက်ကျူးကျော်တဲ့ကိစ္စမှာ ရုရှားနိုင်ငံရဲ့ ဗီတိုအာဏာက ကန့်လန့်ခံနေတဲ့အတွက် အရေးပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံ ခေါ်ပြီး ဆုံးဖြတ်ခဲ့တာပါ။

ငြိမ်းချမ်းရေးအတွက် တညီတညွတ်တည်း ဆောင်ရွက်ရေးဆိုင်ရာ ဆုံးဖြတ်ချက် (The Uniting for Peace Resolution) ကို ၁၃ ကြိမ် ချမှတ်ခဲ့ရာမှာ ၈ ကြိမ်ကို လုံခြုံရေးကောင်စီက ရယူကျင့်သုံးခဲ့တာဖြစ်ပြီး ၅ ကြိမ်ကို အထွေထွေညီလာခံက ရယူကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ဒီ ၁၃ ကြိမ်မှာ ၁၁ ကြိမ်က အရေးပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံ ခေါ်ယူကျင်းပပြီး ဆုံးဖြတ်ခဲ့တာပါ။ ဆုံးဖြတ်တဲ့အခါ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ သုံးပုံနှစ်ပုံကျော်ရဲ့ ဆန္ဒမဲကို ရယူပြီး ဆုံးဖြတ်ရတာပါ။

ပြောလိုတာကတော့ စစ်ကောင်စီရဲ့ တရားမဝင်မှုကို တကမ္ဘာလုံး အတိုင်းအတာနဲ့ သိရှိနားလည်ပြီးဖြစ်လို့ နွေဦးတော်လှန်ရေး အောင်မြင်အောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှိနေတာကို မီးမောင်းထိုး တင်ပြလိုတာပါ။

ရဲဝံ့လင်းယုန်

3 weeks Ago
Up