ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗားရ်ကျေးရွာရဲစခန်းက ရဲအုပ်တဦး နိုဝင်ဘာ ၂၅ ရက် မနက်အစောပိုင်းက ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး သတ်သေသွားတယ်လို့ ဒေသခံအမျိုးသားတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရဲအုပ်ရဲမင်းထွဋ် အသက်က ၃၀ ကျော်လောက်ရှိမယ်။ ဒီနေ့မနက် ၅ နာရီ ဝန်းကျင်လောက်က ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး သတ်သေသွားတာ။”
ရဲအုပ်ရဲမင်းထွဋ် ဘာကြောင့်သတ်သေရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။
ဗားရ်ကျေးရွာဟာ ဖလမ်းမြို့ကနေ ကလေးမြို့ကို လာတဲ့လမ်းမှာရှိပြီး ဖလမ်းမြို့ကနေ ၃ မိုင်ခန့်ဝေးတဲ့ မဏိပူရမြစ်ကိုဖြတ်တဲ့ တံတားဘေးမှာရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ဖလမ်းမြို့နယ်မှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေကာ စစ်ဘေးရှောင်တွေလည်း အများအပြားရှိနေပြီး အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေးနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် အောင်ကိုကိုကျော်ဟာ ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ကတည်းက ပြည်သူလူထုဘက်ရပ်တည်ကာ CDM ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဗန်းမော်မြို့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
နေရပ်တိမ်းရှောင်ရေးနဲ့ လုံခြုံရေးအရ အခုလို အချိန်နောက်ကျပြီးမှ အများပြည်သူဆီ တင်ပြရတာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ကို မချစ်လို့မဟုတ်ဘဲ စစ်အာဏာရှင် လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတာကြောင့် ပြည်သူလူထုဘက်ကနေ ရုံးမတက်ပဲ ရုန်းထွက်ရပ်တည်ရခြင်းဖြစ်ကြောင်း၊ ဆရာသမားများကိုလည်း ကန်တော့ခဲ့ကြောင်း ရဲအုပ်အောင်ကိုကိုကျော်ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။