ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့အနီး စစ်ကောင်စီတပ် ၃၅၅ စခန်းရဲ့ အရှေ့ထွက်ကင်းစခန်းတခုကို ဧပြီ ၁၂ ရက် ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက် စီးနင်း သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။
စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ၃၅၅ စခန်းကို လုံခြုံရေးယူထားတဲ့ ရှေ့ထွက်ယာယီစခန်းမှာ စစ်ကောင်စီတပ်အင်အား ၂၀ လောက်လုံခြုံရေးယူထားစဉ် KNLA စစ်ကြောင်းမှ ဗိုလ်စောကော်ကေထူး ဦးဆောင်တဲ့ တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်လိုက်တာပါ။
တိုက်ပွဲမှာ လက်နက်ကြီး လက်နက်ကြီးတွေ စတင်ပစ်ခတ်ပြီး မိနစ်ပိုင်းအတွင်း ဝင်ရောက် KNLA က အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ထံက ၆၀ မမ တလက်၊ ၆၀ မမကျည် (၁၂)လုံး၊ MA1 တလက်နဲ့ MA1 ကျည်ဘောက် ၄ ခု၊ ကျည်ဆန် ၁၀၀ ၊ 9MM တလက်၊ စကားပြောစက်တလုံးနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိမရှိ မသိရေသေးပါဘူး။ KNLA စစ်ကြောင်းတပ်ဖွဲ့ကတော့ ထိခိုက်မှုမရှိဘဲ စခန်းကနေ ပြန်ထွက်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၁၂ ရက် ဒီနေ့မနက် ၁၁ နာရီ မိနစ် ၄၀ လောက်ကလည်း ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ဝါဆိုဦးဘုန်းတော်ကြီးကျောင်းလမ်းထောင့်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ဆိုင်ကယ်နဲ့ သွားရောက် သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ KNLA တာဝန်ရှိသူက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်၊ ကေ့ကော်မြို့သစ်မှာလည်း အခုရက်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်စွယ်တော်လမ်းမှာ အောက်တိုဘာ ၂၆ ရက် မနက် ၄ နာရီလောက် KTV ကနေပြန်လာတဲ့ ဒုရဲအုပ်တယောက်နဲ့ ရဲတပ်သားတယောက်ကို လမ်းမှာစောင့်ပြီး ပစ်ခတ်ခဲ့တယ်လို့ Sagaing Independence Army (SIA) က အတည်ပြုပါတယ်။
“KTV က ပြန်လာတဲ့ စစ်ကောင်စီလက်အောက်က ရဲတွေကို ကျနော်တို့ အဖွဲ့က လမ်းမှာ စောင့်ပြီး ပစ်ခဲ့တာပါ။ အရပ်ဝတ်နဲ့ နှစ်ယောက်ပေါ့။ အဲ့ဒီနေရာမှာပဲ သေဆုံးသွားတယ်။” လို့ SIA အဖွဲ့ဝင် တဦး က ပြောပါတယ်။
ပစ်ခံရတဲ့အတွက် ဒုရဲအုပ် ဝင်းကျော်မျိုးနဲ့ ရဲတပ်သား တယောက်တို့ နေရာမှာတွင် သေဆုံးခဲ့ပြီး လက်နက်နဲ့ ကျည်ဆန်တွေလည်း SIA က သိမ်းဆည်းရမိခဲ့ပါတယ်။
သေဆုံးသွားတဲ့ ရဲ နှစ်ယောက်ရဲ့ ရုပ်အလောင်းကို မနက် ၆ နာရီဝန်းကျင်လောက်က စစ်ကောင်စီတပ်သားတွေ လာရောက်သယ်ဆောင်သွားပြီး စစ်ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဒါ့အပြင် မုံရွာမြို့၊ဘုရားနီလမ်းထိပ်မှာလည်း အောက်တိုဘာ ၂၅ ရက် ည ၁၁ နာရီလောက်က ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပြီး ဒေသခံ ၄ ယောက်ဖမ်းဆီးခံရသလို မုံရွာမြို့ နာရီစင်တောင်ဘက် လေသာလမ်းမှာလည်း လူငယ်တချို့ ဖမ်းဆီးခံရပါတယ်။