မုံရွာမြို့နယ် ညောင်ဖြူပင်ရဲကင်းမှ စျေးဝယ်ထွက်တဲ့ တပ်ဖွဲ့ဝင် ၂ ယောက်ကို စက်တင်ဘာ ၁၂ ရက် မနက် ၈ နာရီခွဲက အမည်မသိသေနတ်သမားတွေက ပစ်ခတ်ပြီး သေနတ် ၂ လက် ယူသွားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မုံရွာ-အမြင့်ကားလမ်းပေါ်က ကုန်စုံဆိုင်မှာ စျေးဝယ်နေတဲ့ ရဲ ၂ ယောက်ကို သေနတ်သမားတွေ ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“စျေးဝယ်နေတဲ့အချိန် ပစ်တာ။ သေနတ်သံတွေ ဆက်တိုက်ပဲ။ ရဲ ၂ ဦး သွေးအိုင်ထဲ လဲနေတော့ သေနတ် ၂ လက်ယူပြီး ထွက်သွားကြတာ။”
ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက "ရဲ ၂ ဦး သေတာမှန်တယ်။ ရာထူးကတော့ စုံစမ်းနေတုန်း။ သေနတ် ၂ လက်ပါသွားတယ်” လို့ ပြောပါတယ်။
လတ်တလော စစ်ကောင်စီတပ်နဲ့ ရဲတွေက မုံရွာ-အမြင့်ကားလမ်းပေါ်မှာ အင်အားအများအပြားနဲ့ လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သြဂုတ် ၂၁ ရက် မနက်ပိုင်းကလည်း ညောင်ဖြူပင်နယ်မြေရဲကင်းစခန်းက စခန်းမှူး ရဲအုပ်အောင်မျိုး သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
စစ်တပ်အာဏာတာကိုဆန့်ကျင်လို့ ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း ကြံခင်းမြို့က ရဲဝန်ထမ်း ၂ ယောက်ရဲ့ မိခင်ထံကနေ အကြမ်းဖက်စစ်ကောင်စီက ကိုဗစ်ချေးငွေအတင်းပြန်တောင်းနေပြီး ပြန်မပေးရင် ထောင်ထဲမှာထပ်မံတရားစွဲဖို့လုပ်နေတယ်လို့ သိရပါတယ်။
ထောင်ချခံလိုက်ရတဲ့ ရဲ ၂ ယောက် တာဝန်ထမ်းဆောင်စဉ်က ယူခဲ့တဲ့ ချေးငွေ ကျပ် ၆ သိန်း ၂ သောင်းကို ဇွန်လ ၃၀ ရက်နေ့က အပိုင်နယ်ထိန်းက အိမ်ကိုလာရောက်ပြီး မိခင်ဖြစ်သူကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဦးသန့်စင်က ဒီဗွီဘီကို ပြောပါတယ်။
"မနေ့က သူ့အမေဆီလာပြီး အပိုင်နယ်ထိန်းက သား နှစ်ယောက် ယူထားတဲ့ ချေးငွေကို သိရှိတယ်ဆိုပြီး လက်မှတ်လာထိုးခိုင်းတယ်၊ အမျိုးသမီးက မထိုးပေးတော့ သား နှစ်ယောက်ကို တရားစွဲမယ် ပြောတယ်''လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
ထောင်ကျနေတဲ့ ရဲ ၂ ယောက်ချေးငွေယူထားတယ်ဆိုတာ သိရှိကြောင်းနဲ့ ဇူလိုင် ၁၅ ရက်နေ့ ပေးဆပ်မည်ဆိုတဲ့အကြောင်းကို အဒေါ်ဖြစ်သူက ရဲစခန်းမှာလိုက်ပြီး လက်မှတ်ထိုးပေးခဲ့ ရတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့လို့ ထောင်ကျခဲ့တဲ့ ရဲ ၂ ယောက်ရဲ့ ဖခင်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဝရမ်းထုတ်ထားသလို ခုလည်း မိသားစုကို ချေးငွေပြန်ဆပ်ခိုင်းပြီး စိတ်ဒုက္ခအမျိုးမျိုးပေးနေတာလို့ မိသားစုနဲ့ နီးစပ်သူတွေကပြောပါတယ်။
ထောင်ကျခဲ့တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့အတွက် လျှောက်ထားသူတွေ ဖြစ်ပါတယ်။