close

ရွာငံမြို့နယ်

close

December 15, 2022

ရွာငံမြို့နယ်၌ လူငယ် ၃ ဦး ထောင်ဒဏ် ၁၂ စီချမှတ်ခံရ၊ အောင်ပန်း၌ ဆိုင်ကယ်စီး လူငယ် ၁၀ ဦး ဖမ်းဆီးခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ လူငယ် ၃ ဦးကို ဒီဇင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တယ်တယ်လို့  မိသားစုအသိုက်အဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ငှက်ပျောတော ကျေးရွာရှိ ပြည်သူတွေရဲ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးကာ လူငယ် ၃ ဦးကို ပစ်ခတ်ဖမ်းဆီးပြီး ရွာငံမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားတာပါ။

လူငယ် ၃ ဦးဟာ ဖမ်းဆီးခံလိုက်ရပြီး ၅ လအကြာမှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အပြင် အကြမ်းဖက်မှုပုဒ်မတွေနဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တာလို့  မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အလားတူ ဒီဇင်ဘာ ၁၄ ရက်ကလည်း ပင်းတယမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာလည်း ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက   ရိုးမဘဏ်လမ်းဆုံမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

အောင်ပန်းမြို့ ဒေသခံတဦးက “အောင်ပန်းမှာဆို ရိုးမဘဏ်လမ်းဆုံနဲ့ ဦးကောင်းစတိုး လမ်းတလျှောက်မှာ အဖမ်းအဆီးများတယ်။ အဲ့နေရာတွေမှာ လူငယ်တွေ ခဏခဏ အဖမ်းခံရတာ။ အခုလည်း ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို ဖမ်းတာ။ ဘာလို့ဖမ်းလဲ ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဆိုပါ လူငယ် ၁၀ ဦးဟာ ဘာကြောင့်အဖမ်းခံရတာလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အောင်ပန်းမြို့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံ ပြည်သူတွေ မကြာခဏ ဖမ်းဆီးခံနေရပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ လက်ရှိအချိန်အထိ လူငယ် အယောက် ၂၀ ထက်မနည်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။

2 mins Ago

May 13, 2022

ရွာငံမြို့နယ်၌ ၃ လအတွင်း စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦး သေဆုံး

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်မှာ ဖေဖော်ဝါရီလမှ ဧပြီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀ ဦး သေဆုံးပြီး ၂၅ ဦး ဖမ်းဆီးခံရကာ နေအိမ် ၇ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မေ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ချေမှုန်းဖို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၁၁၂၊ ခမရ ၁၁၅ နဲ့ ရပ်စောက်-ဗထူးမြို့ အခြေစိုက် ခမရ ၅၀၈၊ ခမရ ၅၀၉ တို့က တပ်သားအင်အား ၃၀၀ လောက်ဟာ ရွာငံမြို့၊ နွားဘန်းကြီးကျေးရွာနဲ့ ပဲယင်းတောင်ကျေးရွာတွေမှာ တပ်စွဲထားပြီး ကျေးရွာအတွင်းရှိ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေသလို ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးမှုတွေ လုပ်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အဆိုပါဖြစ်ရပ်တွေကြောင့် နွားဘန်းကြီး၊ လွှစင်၊ လယ်ကိုင်းနဲ့ ပဲရင်းတောင် ကျေးရွာတွေက ပြည်သူ ၈၀၀ ကျော်ဟာ မိမိတို့နေအိမ်တွေကို စွန့်ခွာကာ တောတောင်တွေထဲမှာ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်မှ ဒေါ်ယိင်းလျန်းဟန်က "ရွာငံမြို့က မြေပြန့်ဒေသနဲ့ နီးစပ်တော့ PDF တွေ အင်အား ဒီထက်ပိုတောင့်တင်းရင် သူတို့အတွက် အန္တရာယ်ရှိနိုင်တယ်ထင်လို့ အခုလို နှိမ်နင်းနေတာ ဖြစ်မယ်။ မေလထဲအထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာ။ ရွာငံမှာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတာ ဘယ်သူမှမသိဘူး။ ရွာငံက စစ်ဘေးရှောင်တွေကို ဝိုင်းပြီး ကူညီပေးကြပါ။ အာရုံစိုက်ပေးကြပါ" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်ခံလိုက်ရတဲ့ ပြည်သူ ၁၀ ဦးထဲမှ ၉ ဦးဟာ ပဲရင်းတောင်ကျေးရွာမှာ နေထိုင်သူတွေဖြစ်ပြီး စစ်ဘေးရှောင်နေရာက နေအိမ်ကို ပြန်ရာလမ်းမှာ ဖမ်းဆီးခံရပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

7 months Ago
Up