ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်ပုံရွာအနီးမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီး ၂ ဦးအပါအဝင် ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၈ ရက်နေ့ ညနေက ခရီးသွားလာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီး ၂ ဦး အပါအဝင် ၄ ဦးဟာ ကျောက်ပုံရွာအနီးမှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ပြီး ဖမ်းဆီးခံလိုက်ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၉ ရက်နေ့ မနက် ၁၀ နာရီလောက်ကလည်း ရွာငံမြို့နယ် ရေချမ်းကျေးရွာရှိ ရွာသားတဦး လက်နက်နဲ့အတူ နေအိမ်မှာ ဖမ်းဆီးခံလိုက်ရပြီး အိမ်ကို မီးရှို့ဖျက်ဆီးကာ အိမ်အတွင်းရှိ ပစ္စည်းတချို့ကို စစ်ကောင်စီတပ်သားတွေ ယူဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မသိရသေးပါဘူး။
ဩဂုတ်လအတွင်း ရွာငံမြို့မှာ အရပ်သားပြည်သူနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲဝင်တွေ ဆက်တိုက် ဖမ်းဆီးခံနေရပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာတွေမှာ တပ်စွဲနေထိုင်လာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရပ်တည်ဖို့ ခတ်ခဲလာကြတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် မိန်းမရဲတောင်အနီး လမ်းမကြီးပေါ်မှာ ဇွန် ၁၂ ရက်နေ့ညနေ ၃ နာရီခွဲလောက်က မြင်းကျဒိုးကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့်နဲ့ တပည့်နှစ်ယောက် စီးနင်းလာတဲ့ကား ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ် ပစ်ခံရတာကြောင့် ဦးဝင်းမြင့်မှာ ပြင်းထန်ဒဏ်ရာရခဲ့ပြီး အောင်ပန်း ခုတင် ၇၀၀ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသလို တပည့်တဦးက နေရာတင် သေဆုံးပြီး နောက်တဦးရဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဦးဝင်းမြင့်ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ နှစ်လလောက်က ပဲရင်းတောင်ရွာ နဲ့ လွှစင်ရွာက အိမ်တွေကို မီးရှို့တာ၊ ပစ္စည်းတွေယူဆောင်တာ၊ မြင်းကျဒိုးရွာက အိမ်တွေကို ချိပ်ပိတ်တာ၊ ရွာသူရွာသားအများအပြားကို ဦးဆောင်ဖမ်းဆီးတာ၊ ပဲရင်းတောင်ရွာသား ဆယ်ဦးကို PDF စွပ်စွဲပြီး မတရားဖမ်းဆီး သတ်ဖြတ်ပြီး အလောင်းဖျောက်တာ စတာတွေကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
မြင်းကျဒိုးကျေးရွာ ဒေသခံတဦးက “ဦးဝင်းမြင့်က ပျူစောထီး ခေါင်းဆောင်ပါ။ သူ့ကို လုံခြုံရေးယူပေးထားတဲ့ ပျူစောထီးတွေလည်းရှိပါတယ်။ မြင်းကျဒိုး ကျေးရွာအတွင်းက NLD နဲ့ ပတ်သက်တဲ့ လူတွေကို ဖမ်းတယ်။ နိုင်ငံရေးအခြေအနေမကောင်းလို့ တခြားပြင်ပမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ ပြည်သူအိမ်တွေကို ချိပ်ပိတ်ပြီး ပြည်သူတွေအိမ်က ပစ္စည်းတွေ ယူဆောင်တယ်။ ပုဂ္ဂိုလ်ရေးအရ ညှိစွန်းခဲ့ဖူးတဲ့သူတွေကို လိုက်လံ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။