ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ အလယ်ချောင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်က ဆိုင်ကယ်နဲ့ ဈေးဝယ်သွားတဲ့ လူငယ်နှစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ဖမ်းခံရတဲ့ ကလေးနှစ်ယောက်က မောင်နှမတွေပါ။ အသက်က ၁၅ နှစ်ဝန်းကျင်ပဲ ရှိသေးတယ်။ မနက်အစော ဈေးဝယ်သွားရင်း ဖမ်းခံရတာလို့ကြားတယ်။ ဘာကြောင့်ဖမ်းခံရတာလဲ မသိဘူး။ တချို့ကလည်း လက်နက်တွေပါလို့ ဖမ်းခံရတာလို့ ပြောနေကြတာပဲ။ ကျနော့်အနေနဲ့ အတိအကျမသိပေမဲ့ ဒီကလေးတွေက အသက်တောင် မပြည့်သေးတာ ဘာနားလည်သေးမှာလဲ။ ပြီးတော့ သူတို့တွေက မိဘနဲ့အတူ တောင်သူ လုပ်စားနေကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အဖမ်းဆီးခံလိုက်ရတဲ့ ကလေးငယ်နှစ်ဦးမှာ အလယ်ချောင်ရွာကဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးခံရတယ် ဆိုတာနဲ့ ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။
ရွာငံမြို့မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့သူတွေကို ဖမ်းဆီးနိုင်ဖို့အတွက် ကင်းပုန်းများချကာ လမ်းသွားလမ်းလာတွေကို စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Photo -Voice Of Pindaya
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနဲ့ ရွာငံမြို့နယ်ရှိ ကျေးရွာတွေမှာ စစ်ကောင်စီကို ထောက်ခံဖို့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက လိုက်လံစည်းရုံးကာ ဟောပြောပွဲလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကစပြီး စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၊ လဝက၊ စိုက်ပျိုးရေး၊ မြို့နယ်လျှပ်စစ်၊ သမဝါယမ စတဲ့ ဌာနပေါင်းစုံကလူတွေ ကျေးရွာရှိ ဘုန်းကြီးကျောင်းတွေမှာ ဒေသတွင်း လုံခြုံရေးနဲ့ ဒေသဖွံ့ဖြိုးရေး ခေါင်းစဥ်တပ်ကာ စစ်ကောင်စီတပ်ရဲ့ လုပ်ငန်းစဥ်တွေ၊ လုပ်ဆောင်နေတဲ့ အကြောင်းအရာတွေနဲ့ သူတို့ကို ပြည်သူတွေက ထောက်ခံလာအောင် တရွာဝင် တရွာထွက် စည်းရုံးပြောဆိုနေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “Non C ဌာနကလူတွေပါတယ်။ အဓိက ထွေအုပ်ကလူတွေလို့ သိရပါတယ်။ စစ်တပ်ကလည်း ပါတာပေါ့။ ပြည်သူတွေက လောလောလတ်လတ်မှာ ကြံ့ဖွံ့ရွာတွေ ဦးစားပေးလုပ်တာမို့ အနည်းနဲ့အများ ရှိပါတယ်။ ရွေးကောက်ပွဲကြောင့် ဒီလို အလှမ်းဝေးတဲ့ မိဘပြည်သူတွေကို target ထား စည်းရုံးနေတာလို့ မြင်မိပါတယ်။ သူတို့ရဲ့ ထုံးစံအတိုင်း မက်လုံးပေး ဘာညာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပင်းတယမြို့နဲ့ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်က အင်အားအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေ သိမ်းဆည်းခံထားရသလို အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်နေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။