close

ရွာလုံးကျွတ်ထွက်ပြေး

close

December 18, 2022

ရေစကြိုမြို့နယ် ဗျည်းဘရွာကို စစ်ကြောင်းထိုးသဖြင့် ရွာလုံးကျွတ်ထွက်ပြေးနေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗျည်းဘရွာကို ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေပါတဲ့ စစ်ကြောင်းက ပြည်သူတချို့ကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် အိမ်ခြေ ၃၀၀ ကျော်လောက်က ပြည်သူတွေဟာ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဗျည်းဘ ကျေးရွာဒေသခံတဦးက ပြောပါတယ်။

ရွာသူရွာသားတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲမှာ ဖြစ်သလိုနေထိုင်ကြရပြီး စားနပ်ရိက္ခာနဲ့ သောက်ရေ အလုံအလောက်ပါမလာတာကြောင့် ရှိတာလေးနဲ့ မျှဝေစားသောက်နေရပြီး အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းဟာ ရွာထဲက နေအိမ်တွေကို စိတ်ကြိုက်မွှေနှောက်ပြီး ပြည်သူတွေ ပိုင်ဆိုင်တဲ့ ရွှေငွေနဲ့ပစ္စည်း ဥစ္စာတွေနဲ့ ကား ၃ စီးကို ခိုးယူနေကြတယ်လို့ ဒေသခံက ဆိုပါတယ်။

ဗျည်းဘကျေးရွာကို ဇူလိုင် ၂ ရက်ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ  ၆၁ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

8 mins Ago

December 28, 2021

နတ်ချောင်းရွာ နေအိမ်များကို စစ်တပ်က ၃ ကြိမ်မြောက် မီးရှို့ဖျက်ဆီး၊ ရွာလုံးကျွတ်ထွက်ပြေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် နတ်ချောင်းကျေးရွာက နေအိမ်တွေကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတာကြောင့် မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ အိမ်ထဲမှာ မီးလောင်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာဘက် ဆက်သွယ်ရေးလိုင်းတွေမှာ MPT တစ်ခုသာ လိုင်းမိတော့ပြီး ဘုန်းကြီးကျောင်းအတွင်း  စစ်ဘေးရှောင်စခန်းက ဖုန်းအားလုံးနဲ့ ဘုန်းကြီးတွေရဲ့ ဖုန်းတွေကိုပါ စစ်ကောင်စီတပ်က သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းကတည်းက ထပ်မံအင်အားဖြည့်တင်းနေပြီး နတ်ချောင်းကျေးရွာအတွင်းက နေအိမ်တွေကို ဒီဇင်ဘာ ၂၈ ရက်နေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး ၃ ကြိမ်ရှိပြီလို့ ဒေသခံတွေဆီကသိရပါတယ်။

“တစ်ရွာလုံး နေအိမ်တွေကို စွန့်ပြီးပြေးကြရတယ်။ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ တချို့အိမ်တွေထဲမှာ ကျန်ခဲ့တယ်။ တချို့လည်း သူတို့လှမ်းပစ်တာခံရလို့ သေတဲ့သူတွေလည်းရှိတယ်။  ဖုန်းလိုင်းလည်းမမိဘူး၊ ဖုန်းတွေကိုလည်း သူတို့က လိုက်သိမ်းထားတယ်၊ ဘယ်ကိုမှဆက်သွယ်လို့မရအောင်လို့၊ ရွာကျောင်းက ဘုန်းကြီးတွေကိုင်တဲ့ဖုန်းတွေကိုပါ သူတို့က လိုက်သိမ်းထားတယ်။ တခြားမီဒီယာတွေကိုလည်း အဲ့ဒီစစ်ရှောင်ပြည်သူတွေကို ဖုန်းမဆက်ပါနဲ့ဦးလို့ ပြောချင်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နတ်ချောင်းကျေးရွာကို  စစ်ကောင်စီက ဒီဇင်ဘာ ၂၂ ရက်နေ့က စတင် စီးနင်းဝင်ရောက်ခဲ့ပြီးနောက်  ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေပိုင်းက စတင်ကာ ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့ညပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ညလုံးပေါက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က နတ်ချောင်းကျေးရွာကို ရဟတ်ယာဉ် ၃ စီးနဲ့ လက်နက်အင်အားဖြည့်တင်းခဲ့ပြီးနောက် ကျေးရွာအတွင်းကို ဆက်လက်ပြီးမီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဟတ်စကီးတွေနဲ့ တိုက်ခိုက်ရေးယာဉ်တွေရော လက်နက်နဲ့ လူအင်အားဖြည့်သွားတယ်။ လူအင်အားဖြည့်တဲ့ထဲမှာ အမျိုးသမီးတွေရော ပါတယ်လို့ကြားတယ်။  နတ်ချောင်းဘက်ကို ဆင်းလာပြီး သတ္တိရှိတဲ့ကောင်ထွက်ခဲ့ တစ်ရွာလုံးကို မီးတိုက်ပစ်မယ်ဆိုပြီးတော့ မီးစရှို့တော့တာပါ၊ မနေ့က ဒီမှာ တိုက်ပွဲမဖြစ်ပါဘူး၊ မဖြစ်ပဲ ရှို့တာပါ” လို့ ဒေသခံတစ်ဦးက ထပ်မံပြောပါတယ်။

နတ်ချောင်း၊ နတ်မြောင်းနဲ့ ချောင်းခွ  ကျေးရွာတွေဟာ ရွာချင်းဆက် ကျေးရွာတွေဖြစ်ပြီး နတ်ချောင်းနဲ့ ချောင်းခွာ နှစ်ရွာလုံးမှာ စစ်ကောင်စီက တပ်စွဲထားတယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့တို့မှာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒီဇင်ဘာ ၂၃ ရက်နေ့တိုက်ပွဲမှာတော့ စစ်ကောင်စီက အထိနာခဲ့ပြီး ရဟတ်ယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ၁၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၆ ရက်နေ့ တိုက်ပွဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂ ဦးကျဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PDF Kalay က ထုတ်ပြန်ထားပါတယ်။

နတ်ချောင်းကျေးရွာတိုက်ပွဲမှာ ပျက်စီးသွားတဲ့ သေနတ်တွေနဲ့ တိုက်ခိုက်ရေးအတွက်အသုံးပြုဖို့ ကျည်ဆန်တွေလိုအပ်နေတာကြောင့် CB မှာ ဆက်သွယ်လှူဒါန်းပေးကြဖို့လည်း PDF အဖွဲ့တွေက အလှူခံထားပါတယ်။

နတ်ချောင်းရွာလုံးကျွတ် ထွက်ပြေးနေတာကြောင့် နေအိမ်ဘယ်နှလုံး မီးလောင်ကျွမ်းတယ်ဆိုတာ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းနေဆဲဖြစ်ပါတယ်။

12 months Ago
Up