close

ရွာလုံးကျွတ်မီးရှို့

close

April 16, 2022

ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာကို စစ်ကောင်စီတပ်ကဝင်ရောက်ပြီး ရွာလုံးကျွတ်မီးရှို့

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာကို  စစ်ကောင်စီတပ်တွေက ဧပြီ ၁၅ ရက် ညနေ ၅ နာရီလောက်မှာ ဝင်ရောက်လာပြီး ရွာလုံးကျွတ်မီးရှို့သွားတယ်လို့  ဒေသခံတွေထံကနေ သိရပါတယ်။

အခုမီးရှို့ခံရတဲ့ ဝေလမူကျေးရွာမှာ  ပြီးခဲ့တဲ့မတ်လ ၁ ရက်ကလည်း စစ်ကောင်စီက လေယာဉ် ၃ စီးနဲ့လာရောက် ပစ်ခတ်လို့ ရွာသားနှစ်ယောက်သေဆုံးသွားကာ  CDM ဆရာမသုံးယောက်နဲ့ အရပ်သားအမျိုးသမီးတယောက်ကိုလည်း ဖမ်းဆီးသွားပါတယ်။ 

အဲဒီအဖမ်းခံရတဲ့ အမျိုးသမီး လေးယောက်ဟာ  မိသားစုဝင်တွေနဲ့ ဒီနေ့ချိန်အထိတွေ့ခွင့်မရဘဲ အဆက်သွယ်ပြတ်နေလို့  မိသားစုဝင်တွေစိုးရိမ်နေကြပါတယ်။

ဒေသခံရွာသားတစ်ဦးက “မနေ့ကလည်း ကျနော်တို့ ရွာကို စစ်ကောင်စီတပ်တွေ လာမီးရှို့သွားတယ်။ ဘာကြောင့်မီးရှို့တာလဲ ဆိုတော့ အကြောင်းမဲ့သတ်သတ်ကို မီးရှိုတာ။ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ ရွာကို အခုလိုမီးရှို့ခံရတာနဲ့ဆိုရင် ၂ ကြိမ်ရှိပြီ။ ပထမအကြိမ်တုန်းက နေအိမ်သုံးလုံးနဲ့ အခုအကြိမ်ကတော့ ရွာလုံးကျွတ်ပဲ။ မနေ့ညနေ ၅ နာရီကနေ ဒီနေ့အထိ မီးက လောင်နေဆဲဗျ။ ဘယ်သူမှမငြှိမ်းသတ်ရဲဘူး။ အဝေးကနေကြည့်နေရတယ်”လို့ ပြောပါတယ်။

ဝေလမူကျေးရွာဟာ အိမ်ခြေ ၁၅၀ လောက်ရှိပြီး  မတ်လအတွင်းကတည်းက စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့်ဒေသခံရွာသားတွေဟာ ကျေးရွာအတွင်းမှာ မနေရဲကြတော့ဘဲ နီးစပ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။

အခုလို တစ်လကျော် စစ်ဘေးရှောင်နေရတာကြောင့် အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ်  လိုအပ်နေတယ်လို့  စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးပရဟိတသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဓာတ်ပုံ - ကျွန်းလှမြို့နယ်စစ်ဘေးရှောင်ပုံဟောင်း  

2 mins Ago
Up