စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရွာသာယာကျေးရွာမှာ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လေးငယ် ၂ ဦးအပါအဝင် ၃ ဦး ကျည်ထိမှန်ခဲ့ပြီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
ရွာသာယာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာတဲ့အတွက် ထွက်ပြေးကြစဉ် ပစ်ခတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ယောက်ဟာ မြင်းကို အစာကျွေးနေစဉ် ပစ်ခံရတာကြောင့် နဖူးကို ကျည်ရှပ်ထိမှန်ခဲ့ပြီး ဒဏ်ရာက ပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၄ နှစ်ခန့်အရွယ် ကလေးငယ်ကတော့ မျက်စိတည့်တည့်ကို ကျည်ဖောက်ဝင်သွားတာကြောင့် သေဆုံးသွားပြီဖြစ်ပြီး ရင်ညွန့်မှာ ထိမှန်ထားတဲ့သူတစ်ယောက်ကလည်း ဆေးကုသနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်ဘက်ကနေ အဖွဲ့ခွဲကာ ဖြန့်ကြက်လာကြတာဖြစ်ပြီး ယင်းမာပင်မြို့ရဲ့ အရှေ့ဘက်အရောက်မှာ ဆွဲမိုင်း ၁ လုံးထိမှန်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၅ ဦးလောက် ဒဏ်ရာရသွားခဲ့တယ်လို့လည်း သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်မတော်(ယင်းမာပင်မြို့)နဲ့ BURMA REVOLUTION FORCE (Yinmarbin) အဖွဲ့တို့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာသာယာကျေးရွာ အလယ်တန်းကျောင်းအနီးမှာ ဇွန်လ ၂ ရက် ည ၁၁ နာရီလောက်က ပြင်းထန်တဲ့ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတစ်ဦးက “ည ၁၁ နာရီလောက် ပေါက်ကွဲတာပါ။ ပေါက်ကွဲသံက ပြင်းတယ်ဗျ။ ရွာနီးချုပ်စပ်တွေ အားလုံးကြားကြရတယ်။ ကျနော်တို့ ရွာခံတွေဆိုရင် လန့်သွားတာပေါ့။ ဒါပေမဲ့ ကျောင်းဝိုင်းအပြင်မှာ ပေါက်ကွဲတာဆိုတော့ ထိခိုက်ပျက်စီးမှုတော့ မရှိပါဘူး”လို့ ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့အထက်တန်းကျောင်းမှာ ဆရာ ဆရာမ ၅ ယောက်လောက်နဲ့ ရွာထဲကဘွဲ့ရပြီး လူငယ်တွေက စာသင်ပေးနေကာ ကျောင်းသားကျောင်းသူ ၁၀၀ လောက် တက်နေ တယ်လို့သိရပြီး၊ စစ်ကောင်စီရဲ့လက်ကိုင်တုတ် ပျူစောထီးအဖွဲ့က လုံခြုံရေးတာဝန်ယူပေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ရွာမှာ ပျူစောထီးအဖွဲ့ဆိုတာရှိတယ်ဗျ။ သူတို့က ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေရဲ့ လုံခြုံရေးအပြင် စာသင်ကျောင်းကိုလည်း နေ့ ညစောင့်နေကြတာ။ အဲဒီလို စောင့်နေတဲ့ကြားက ပေါက်ကွဲတာဆိုတော့ သူတို့အဖွဲ့ရဲ့ လက်ချက်ပဲလို့ ရွာသူရွာသားတွေကတော့ ယူဆနေကြတာ”လို့ ရွာသားတစ်ဦးက မှတ်ချက်ပြုပါတယ်း။
ပေါက်ကွဲမှုဖြစ်တဲ့ စာသင်ကျောင်းဟာ အရင်ကဆို ထန်းတောရွာ၊ ချောင်းရိုးရွာ၊ သပြေပင်ရွာ၊ ရွာသာယာ(ရွာမ)ရွာ၊ ဂွေ့မော်ကုန်းရွာ၊ ကျားရွာ၊ ရွာကျဲရွာ၊ စတဲ့ ၇ ရွာ အုပ်စုက ကျောင်းသား ကျောင်းသူ ထောင်ချီ လာရောက်ပညာသင်ယူနေကြတာဖြစ်ပါတယ်။
ဇွန်လ ၁ ရက်နေ့ ညပိုင်းကလည်း ရွာသာယာရွာနဲ့ သုံးမိုင်ကျော်သာဝေးတဲ့ ဖန်းကာဇင်ရွာမှာလည်း ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။