close

ရွာသားများ ရိုက်နှက်ခံရ

close

April 11, 2022

ဖျာပုံမြို့တွင် ရဲတပ်ဖွဲ့ဝင် ၂ ယောက်က ရွာသား ၃ ဦးကို ရိုက်နှက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ  ဧပြီ ၄ ရက်ညက ရွာသား ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်၂ ယောက်က အရက်မူးပြီး ရိုက်နှက်ခဲ့တယ်လို့ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ကြက်ဖမွေးဇောင်းကျေးရွာမှာ နွေစပါးရိတ်ပြီး ကောက်ရိုးပုံပေါ် စကားပြောနေတဲ့ ရွာသား ၃ ယောက်ကို ကျုံကဒွန်း ရဲစခန်းမှ ရဲတပ်သား အောင်သူဖြိုးနဲ့ နောက်တဦးက အရက်မူးပြီး စစ်ဆေးစရာရှိတယ်ပြောဆိုကာ ချုပ်နှောင်ပြီး ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။ 

ဒေသခံတဦးက “ကောက်ရိုးပုံပေါ်မှာ စကားပြောနေတုန်း သူတို့က ရောက်လာတာ။ အမှောင်ထဲက နေသူတို့က ဟေ့ကောင်တွေ မအိပ်သေးဘူးလားဆိုပြီး ဆဲတော့ ရွာသားတွေမှတ်လို့ ဒီဘက်က လူတွေက ပြန်ဆဲလိုက်မိတာ။ အဲဒါကို ရောက်လာပြီး ခါးပတ်နဲ့ ရိုက်ပြီး မျက်နှာတွေ ကန်တယ်။ ဒူးတုပ်ထိုင်ခိုင်းပြီးတော့ လုပ်တာ”လို့ ပြောပါတယ်။

အရက်မူးနေတဲ့ ရဲတွေက ရွာသားတွေကို ရိုက်နှက်နေချိန် နာရီဝက်လောက်အကြာမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ရောက်လာပြီး ရွာသားတွေကို ကြိမ်းမောင်းကာ ရဲ ၂ ယောက်ကို ပြန်လည်ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ 

ရိုက်နှက်တာခံခဲ့ရတဲ့ ရွာသား ၃ ယောက်ကို စစ်ကောင်စီခန့်ကျေးရွာ အုပ်ချုပ်ရေးမှူးက အခင်းဖြစ်ပွားပြီး နောက်တနေ့မှာ ခေါ်ယူပြီး ခံဝန်ကတိလက်မှတ်ထိုး ခိုင်းခဲ့ပါတယ်။

မူးနေတဲ့ ရဲတွေ ရိုက်နှက်တာကြောင့် ဒဏ်ရာတွေရရှိတဲ့ ရွာသားတွေကို ဆေးဖိုးဝါးခမပေးတဲ့အပြင် ခံဝန်ထိုးခိုင်းတဲ့အပေါ် ရွာသားတွေက မကျေနပ်ပေမဲ့ လက်နက်တွေနဲ့မို့ ငြိမ်ခံနေကြရတယ်လို့ ပြောပါတယ်။

6 mins Ago
Up