စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပန်းရွာမှာ စက်တင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်တွေ ရွာထဲ ဝင်လာပြီးနောက် ရွာသား ၄၀ ဝန်းကျင်ကို ဖမ်းဆီးကာ နေအိမ်တွေက ဖုန်းနဲ့ဆိုင်ကယ် ၈ စီးကို သိမ်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မနက် ၈ နာရီလောက် ရွာထဲ ဝင်လာတာ။ ရွာကလူတွေလည်း ရုတ်တရက်ဆိုတော့ ပြေးဖို့က မမီတော့ဘူး။ သူတို့က အိမ်တွေမှာ ဖျက်ဆီးပြီးမွှေနေတာ။ ည ၇ နာရီလောက်ကျတော့ စစ်ကားနှစ်စီးနဲ့ ရွာထဲကို အင်အားထပ်တိုးရောက်လာတယ်။ တရွာလုံးလည်း ပြေးနေကြပြီ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာသားတွေကို ဖမ်းဆီးပြီး CDM လုပ်တဲ့ ဆေးမှူးကိုလည်း နေအိမ်မှာ ဝင်ရောက်ရှာဖွေ ဖမ်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေထဲမှာ စစ်တပ်က စစ်သားရဲ့အဖေပါတာကြောင့် စစ်သားက ဖုန်းဆက်ပြောတဲ့အခါ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
"ရွာထဲကအိမ်တွေကို ဝင်ရှာဖွေဖျက်ဆီးတယ်။ စျေးဆိုင်တွေထဲက ပစ္စည်းတွေလည်း ယူတယ်။ ခုက အားလုံးက ရွာကို ပစ်ပြီးပြေးနေရတာဆိုတော့ အိမ် ဘယ်လောက် ဖျက်ဆီးခံထားရလဲဆိုတာ အတိအကျ မသိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာထဲကို စစ်အုပ်စုက ဝင်လာတာကြောင့် ထွက်ပြေးရတဲ့သူတွေထဲမှာ မကျန်းမာတဲ့သူတွေ၊ အသက်ရွယ်ကြီးရင့်သူနဲ့အောက်ဆီဂျင်အသုံးပြုနေရသူတွေပါတာကြောင့် ထွက်ပြေးတိမ်းရှောင်ရ တာ အခက်ခဲဖြစ်နေတယ်လို့သိရပါတယ်။
စစ်အုပ်စုက ဘာမှမပြောဘဲ ပန်းရွာထဲဝင်လာပြီး ရှာဖွေတာတွေ လုပ်ဆောင်တဲ့အပြင် ရွာထဲ က ဝက်တွေကိုလည်း ချက်စားနေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ခင်ကြီးကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ရွာသားတွေရဲ့ ရွှေ၊ ငွေတွေကို လုယက်၊ ဆိုင်ကယ်တွေကို ဖျက်ဆီးပြီး ရွာသားအယောက် ၄၀ လောက်ကို ဖမ်းဆီးသွားပါတယ်။
ခင်ကြီးကျေးရွာက ကျောင်းထဲမှာ ဧပြီ ၁၉ ရက်နေ့က CDM မလုပ်တဲ့ဆရာမတွေက ကျောင်းဖွင့်ဖို့သန့်ရှင်းရေးလုပ်ရာ ပြည်သူတွေက သံပုံးတီးမောင်းထုတ်ခဲ့လို့ ဆရာမတွေ ထွက်ပြေးကြပြီးမကြာခင် စစ်ကား ၅ စီးရောက်ရှိလာပြီး အသံဗုံး ၄ ချက်ခွဲခဲ့ပါတယ်။
ဒီနေ့ ဧပြီ ၂၀ ရက် မနက်ပိုင်းမှာလည်း စစ်ကားတွေ ထပ်မံရောက်ရှိလာပြီး အိမ်တွေထဲ အထိအဝင်ရောက်ရှာဖွေကာ ရွှေ၊ ငွေ စတဲ့ တန်ဖိုးကြီးပစ္စည်းတွေ ယူငင်သွားသလို ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးသွားတယ် ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။
နေ့လည်ပိုင်းမှာလည်း စစ်တပ်က ထပ်မံရောက်ရှိလာပြီး ဒလန်ရဲ့သတင်းပေးမှုကြောင့် ရွာအပြင်ဘက်တောထဲမှာ ပုန်းအောင်းနေတဲ့ ရွာသား အယောက် ၄၀ လောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။