စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ သက်တော်ရဘုန်းတော်ကြီးကျောင်းက ဘုန်းကြီး ၁ ပါးနဲ့ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စပြုလုပ်နေတဲ့ ရွာသား ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်မှာ တပ်မ ၃၃ ကထွက်လာတဲ့ အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ မနက် ၆ နာရီလောက်မှာ ပြည်တော်သာကျေးရွာက အုပ်ချုပ်ရေးမှူး လမ်းပြမှုနဲ့ ရောက်ရှိလာပြီး ဘုန်းကြီး ၁ ပါးနဲ့ ရွာသား ၄ ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် ဘုန်းကြီးကျောင်းက ကားကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ရှောင်တွေကို လက်ခံထားလို့ သတင်းပေးပြီး တိုင်တဲ့သူရှိလို့ လာဖမ်းတာလို့ ထင်တယ်။ ရွာရဲ့အနောက်ဘက်ကရွာတွေ မီးရှို့ခံရတော့ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတာ၊ စစ်ရှောင်ဦးရေလည်း များတယ်လေ” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရွာသား ၂ ဦး ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းက ပြန်လွတ်မြောက်လာပြီး နှိပ်စက်ညှဉ်းပန်းတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာလကတည်းက ရွာသစ်ကြီးအနောက်ဘက် ခုနစ်ရွာတန်းကျေးရွာရှိ မြင်းဆည်ရွာ၊ တာတိုင်ရွာနဲ့ သုံးလင့်ရွာ နေအိမ်တွေ မီးရှို့ခံခဲ့ရပြီး မြေဆည်ရွာက နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တာကြောင့် အနီးရှိကျေးရွာက ဒေသခံပြည်သူတွေ ရွာသစ်ကြီးကျေးရွာက ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း တန့်ဆည်မြိုနယ်မှာ စစ်ကောင်စီတပ်က အပြစ်မဲ့ရွာသား ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး မြေမြှုပ်ထားတာကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထန်းပင်ဆိပ်ရွာ အရှေ့ဘက်မှာရှိတဲ့ ကုန်းထဲမှာ ထွန်စက်နဲ့ထိုးပြီး မြေမြှုပ်ဖျောက်ဖျက်ထားတဲ့ အလောင်း ၄ လောင်းတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
“ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထန်းပင်ဆိပ်ရွာက ၃ ဦး၊ ရွာရှည် (မ) ရွာက ၁ ဦး စုစုပေါင်း ၄ ဦးကို သတ်ပြီး တစ်ကျင်းထဲ ထည့်မြှုပ်ထားခဲ့ကြတာ။ ဒီနေ့မှ ဖော်ကြည့်လို့ တွေခဲ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်ဟာ ပုတီးရွာ၊ ထန်းကုန်းကြီးရွာ၊ ပေချောင်ရွာ၊ ခရုတောရွာ၊ ကာပေါင်းကျရွာ၊ ရွာရှည်(မ)ကျေးရွာတွေကို ဖေဖော်ဝါရီ ၄ ရက်ကနေ ၁၆ ရက်နေ့အထိ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ခဲတာကြောင့် နေအိမ် ၈၅ လုံး ဆုံးရှုံးခဲ့ပါတယ်။
အဲဒီမီးရှို့တာတွေ လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ တန်ဆည်မြို့နယ် မူးဂွရွာမှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။