close

ရွာသား

close

April 25, 2023

သရက်ချောင်းတွင် စစ်တပ်ဖမ်းဆီးသွားသည့် ရွာသား ၁၀၀ နီးပါး ပြန်လွတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာမှာ ဧပြီ ၂၃ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တဲ့  ရွာခံ ၁၀၀ နီးပါး အဲဒီနေ့ညနေပိုင်းမှာပဲ အကုန်ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲဒီနေ့မနက် ၇ နာရီခွဲလောက်မှာ အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးတွေ အပါအဝင် ဖမ်းဆီးရမိသူတွေကို ရွာဦးကားလမ်းဘုန်းကြီးကျောင်းမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့တာပါ။

ပြန်လွတ်လာတဲ့ ရငဲရွာခံတဦးက “စစ်လည်း သိပ်မစစ်ဘူး၊ PDF တွေကို ရွာက ထောက်ပံ့နေတာမလား ဆိုပြီး မေးတယ်။ ကြမ်းကြမ်းတမ်းတမ်း ရိုက်တာမျိုးတော့မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရငဲကျေးရွာအနီး မဖမ်းဆီးခင် ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်တာမျိုးလည်းမရှိဘဲ အဲဒီနေ့က ဘာလို့ ရွာခံတွေကို ဖမ်းဆီးခဲ့တာလဲ ဆိုတာကိုတော့ မသိရပါဘူး။

အသက် ၅၀ ခန့်ရှိ ရငဲရွာခံ အမျိုးသားတဦးကတော့ “ဖမ်းတာက ဘာလို့ဖမ်းလဲ သေချာမသိကြဘူး။ အခုလည်း ပြန်လာမယ်လိုလို ကြားနေကြလို့ ရွာသားတွေ လန့်နေကြတယ်။ လာတာသေချာရင်တော့ ရှောင်မလို့ လုပ်နေကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧပြီ ၂၃ ရက်က ဝင်ရောက်ဖမ်းဆီးတဲ့အချိန် ပိတ်ထားတဲ့ စျေးဆိုင် ၃ ဆိုင်ခန့်ကိုလည်း ဖျက်ဆီးဝင်ရောက်ခဲ့ပြီး ရွာသားတွေထွက်ပြေးကြလို့ သေနတ် ၅ ချက်လောက်လည်း ပစ်ဖောက်ခဲ့သေးတယ်လို့ ရွာခံတွေက ပြောပါတယ်။

အင်အား ၃၀ ခန့်ရှိတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၂၄ ရက် မနက် ၄ နာရီလောက်မှာတော့ ရငဲရွာထဲကနေ ပြန်ထွက်သွားပြီး အနီးအနားက ဝဲရစ်ရွာထဲ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ ဝဲရစ်ရွာသား ၂၀ ခန့်ကို ပြန်လွှတ်ပေးပြီး မနက် ၁၀ နာရီလောက်မှာ ရွာထဲက ပြန်ထွက်လာတဲ့ အဲဒီစစ်ကောင်စီတပ်ဟာ ရွာအနီးမှာပဲ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးတယ်လို့ ရွာခံအမျိုးသမီးတဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၅ ဦးခန့် ထိခိုက်သေဆုံးတာ ရှိတယ်လို့ ပြောပေမဲ့ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်ပါဘူး။

4 mins Ago

March 3, 2023

ဖားကန့်တွင် ဖမ်းဆီးထားသည့် ရွာသား ၂၀၀ နီးပါးကို စစ်ကောင်စီတပ် ပြန်လွှတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်အပိုင် စပစ်ခူးကျေးရွာနဲ့ ရှရော်ခကျေးရွာက ဒေသခံ ၂၀၀ နီးပါးကို စစ်ကောင်စီလက်အောက်ခံ တပ်မ ၃၃ စစ်သားတွေက ဖေဖော်ဝါရီ ၂၇ ရက်နဲ့ မတ် ၁ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မတ် ၂ ရက် ည ၁၀ နာရီလောက်မှာ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးခဲ့တယ်လို့ လွတ်မြောက်လာသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ညနေပိုင်းက စပစ်ခူးကျေးရွာမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီယဉ်တန်းကို ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ဒေသခံတွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးခဲ့တာပါ။

အဲဒီလို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို မသိရပေမဲ့ မိုင်းခွဲသွားတဲ့သူတွေက စပစ်ခူးရွာထဲကို ဝင်ပြေးသွားတယ်လို့ စစ်ကောင်စီတပ်က ပြောဆိုပြီး စပစ်ခူးရွာသား ၆၅ ဦးနဲ့ လမ်းပေါ်မှာသွားနေတဲ့ တခြားရွာသား ၁၄ ဦး စုစုပေါင်း ၇၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ ရွာသားတွေကို ဆန်းကြွယ်ကျေးရွာအနီးမှာရှိတဲ့ ရတနာဆင်သီရိ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီခွဲတခုဖြစ်တဲ့ ရတနာမိုးမြေ ကုမ္ပဏီဝင်းထဲကို ခေါ်ဆောင်သွားခဲ့တာလို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။

ဒါ့အပြင် မတ် ၁ ရက်က အဲဒီစပစ်ခူးရွာအနားက ရှရော်ခကျေးရွာနားမှာ စစ်ကောင်စီယာဉ်တန်း နောက်တကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် ရှရော်ခကျေးရွာထဲ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်ရောက်ခဲ့သလို ကျေးရွာထဲမှာရှိတဲ့ အမျိုးသားနဲ့ အသက်မပြည့်သေးတဲ့ ကလေး စုစုပေါင်း ၁၀၀ ကျော်ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို ဖမ်းဆီးထားတဲ့သူတွေထဲက သက်ကြီးရွယ်အိုနဲ့ အသက်မပြည့်တဲ့ ကလေးတွေကို မေးစရာရှိတာမေးပြီး မုန့်ဖိုး ၁၀,၀၀၀ စီပေးပြီး အဲဒီနေ့ညမှာပဲ ပြန်လွှတ်ပေးလိုက်တယ်လို့ ရှရော်ခ ရွာသားတဦးက ပြောပါတယ်။

ကျန်တဲ့ရွာသားတွေကိုတော့ မတ်လ ၂ ရက် ညမှာပဲ အားလုံး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဖမ်းဆီးထားသူတွေကို သူတို့ရှာဖွေနေတဲ့သူ ဟုတ်မဟုတ် ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ကာ ရှရော်ခ၊ မျောက်ဖြူ၊ စပစ်ခူး ကျေးရွာသုံးခုမှာ စစ်ကောင်စီက အလိုရှိနေတဲ့ PDF ရဲဘော် အနည်းဆုံး ၈ ဦးကို ဖမ်းဆီးဖို့ ပြင်ဆင်နေတယ်လို့လည်း လွတ်မြောက်လာသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အဲဒီလို ရွာသားတွေကို ဖမ်းဆီးတဲ့အချိန်မှာ မော်တော်ကားနဲ့ ဆိုင်ကယ်တူးဘောက်တွေထဲက တွေ့သမျှငွေတွေကိုလည်း သိမ်းယူခဲ့ပြီး ပြန်ပေးတာမျိုးလည်း မရှိဘူးလို့ ကားအတွင်းက ငွေသိန်း ကျပ်၄၀ ကျော် အသိမ်းခံရသူတဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေက အဲဒီအနီးနားတဝိုက်မှာ ကင်းပုန်းတွေချထားပြီး အဲဒီ စစ်ကောင်စီတပ်တွေကို စစ်ကောင်စီနဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ ရတနာမိုးမြေကုမ္ပဏီက စားနပ်ရိက္ခာ ထောက်ပံ့ထားသလို အဆိုပါ ကုမ္ပဏီဟာ ရတနာဆင်သီရိ ကုမ္ပဏီလက်ခွဲဖြစ်ပြီး လက်ရှိအချိန်မှာ တရားမဝင် ကျောက်စိမ်းတူးတဲ့လုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

2 months Ago
Up