ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီး ဒီနေ့မှာလည်း ရွာ ၂ ရွာမီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့ကစလို့ ရေကြောင်းလမ်းကနေ ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဘုရားကုန်းကတဆင့် ကျောက်မှော်ရွာ၊ ဖောင်းကတာရွာ တလျှောက် စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီ ၆ ရက်နေ့မှာ ဘင်္ကားရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီနေ့ နေ့လယ်မှာပဲ ဖောင်းကတာရွာကို မီးရှို့ဖျက်ဆီးပြီး ညနေပိုင်းမှာတော့ ကျောက်ဖြူတိုင်ရွာကို မီးရှို့ခဲ့ကြပါတယ်။
ဘင်္ကားရွာမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂ လုံး၊ ဖောင်းကတာရွာမှာ နေအိမ် ၆၅ လုံး ကျော်နဲ့ ကျောက်ဖြူတိုင်ရွာမှာတော့ နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီး ဆုံးရှုံးသွားပါတယ်။
အကြမ်းဖက်စစ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ပြည်သူတွေဟာ နေ့ညမရှောင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိမှာ ဒေသခံ ၁၀၀၀ ကျော်ဟာ သူတို့ရဲ့ ရပ်ရွာကနေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာတော့ အကြမ်းဖက်စစ်တပ်ဟာ မိုးကြိုးပြင်(မြောက်)ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ အနောက်ဘက်က မိုးကြိုးပြင်ရွာကို ဒီမနက် ၈ နာရီလောက်က မီးရှို့ပါတယ်။ မနေ့တုန်းက စစ်ကြောင်းထိုးဝင်လာတယ်။ ညအိပ်ပြီး မနက်ဘက်မှာ မီးရှို့တာ။ အသေးစိတ်တော့ မသိရသေးဘူး။ လူတွေလည်း ပြန်မကပ်နိုင်သေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးကြိုးပြင်(မြောက်) ရွာဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရပြီး အဲဒီတုန်းက နေအိမ်အလုံး ၉၀ လောက်ပျက်စီးခဲ့ရပါတယ်။
“ခု လောလောဆယ် သိရတာကတော့ မုံရွာ နမခက mi တစင်း၊ နောက်ထပ်ရဟတ်ယာဉ်တစင်းနဲ့ ညောင်ပင်တိုရွာမှာ အင်အားချဖြည့်တင်းနေတယ်” လို့လည်း ဒေသခံတယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မိုးကြိုးပြင်(မြောက်) ရွာကနေ ကိုင်းရွာကိုရောက်ပြီး အဲဒီမှာလည်း မီးရှို့ဖျက်ဆီးသလို ညောင်ပင်တိုရွာဘက်ကို ဆက်ထွက်သွားတယ်လို့ သိရပါတယ်။ ဒီနေ့ ဖျက်ဆီးခံရတဲ့ ရွာတွေမှာ ဆုံးရှုံးသွားတဲ့ အိမ်ခြေစာရင်းကိုတော့ မသိရသေးပါဘူး။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ မြစ်တော်ရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၆ ရက် မနက် ၇ နာရီခွဲ လောက်ကစပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၇၀ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ စစ်ကြောင်းဟာ မုံလှရွာကို နိုဝင်ဘာ ၂၄ ရက်က စစ်ကြောင်း ထိုးလာပြီးနောက် သာဝတ္ထိရွာ အဲဒီကမှာ မြစ်တော်ရွာကို နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ရောက်လာတာလို့ သိရပါတယ်။
ဒေသခံတဦးက “သာဝတ္ထိရွာကနေ မြစ်တော်ရွာကို နိုဝင်ဘာ ၂၅ ရက် ညနေခင်းရောက်လာတယ်။ ညကို တပ်ဆွဲတယ်။ ဒီနေ့မနက်ကြတော့ ရွာကို မီးရှို့တယ်။ နောက်ပြီး ဦးလှဝင်း အသက် ၆၅ နှစ်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ ရွာကို မီးရှို့ပြီး မနက် ၈ နာရီကျော်လောက် ကံသစ်ရွာဘက် ထွက်သွားကြပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က နိုဝင်ဘာလအတွင်း ခင်ဦးမြို့နယ် ကျေးရွာ ၁၁ ရွာကို မီးရှို့ခဲ့တာကြောင့် ဒေသခံ ထောင်ချီ စာဝတ်နေရေးခက်ခဲကာ ဆောင်းရာသီဖြစ်တာကြောင့် အနွေးထည်နဲ့ ခြုံစောင်တွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ခင်ဦးမြို့နယ်တွင်း မြေပြင် စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေး ၂ ယောက်အပါအဝင် သေဆုံးသူ ၁၉ ယောက်အထိ ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ နိုဝင်ဘာ ၂၅ ရက်မနက်အစောပိုင်းက ထီးချိုင့်မြို့နယ် ဆူးပုတ်ချောင်ကျေးရွာကို ရှမ်းနီအမျိုးသားတပ် SNA နဲ့ စစ်ကောင်စီတပ်ပူးပေါင်းဖွဲ့ ဝင်ရောက်လာပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀ ကျော်အပါဝင် လယ်ယာသုံးစက်ပစ္စည်းတွေနဲ့ စပါးတင်း ထောင်ချီ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက "အိမ်ခြေ ၂၀ လောက်ပဲ ကျန်တယ်။ အကုန်လောင်တာ။ ဒေသခံ ၃ ဦးလည်း ဖမ်းထားတယ်။ ဒီနေ့ မနက်ပိုင်းထိ ဆူးပုတ်ချောင်တောင်ရိုးနဲ့ တောထဲမှာ သူတို့အဖွဲ့တွေ ရှိနေဆဲပဲ" လို့ ပြောပါတယ်။
မီးရှို့ခံရမှုကြောင့် လူနေအိမ် ၆၃ လုံးရှိတဲ့ ဆူးပုတ်ချောင်ကျေးရွာမှာ လူနေအိမ် ၄၀ ကျော်၊ လက်တွန်းထွန်စက် ၁၀ စီး၊ ချွေလှိမ့်စက် ၁ စီး၊ ဆိုင်ကယ်အစီး ၃၀ ခန့်၊ မီးစက် ၂ လုံး၊ ဝက် ၅ ကောင်နဲ့ စပါးတင်းထောင်နဲ့ချီ မီးလောင်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ နေအိမ်မီးလောင်ဆုံးရှုံးသွားတဲ့ ဒေသခံတွေဟာ အနီးဝန်းကျင်ရှိ ကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ သိရပါတယ်။