မြန်မာစစ်အာဏာရှင်တွေကို ကုလသမဂ္ဂကနေတဆင့် ဖိအားတွေပိုပြီးပေးသွားနိုင်ဖို့ အမေရိကန်ပြည်ထောင်စုက ကြိုးစားနေတဲ့အပြင် မြန်မာစစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအသစ်ကိုလည်း အသိအမှတ်မပြုကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် ဒဲရက်ချိုလတ်က ပြောပါတယ်။
စစ်အာဏာရှင်တွေကို ပိုပြီးတော့ဖိအားတွေပေးဖို့လိုတာကို ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားကြတယ်လို့ ကုလသမဂ္ဂရဲ့ နှစ်ပတ်လည်အထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ဦးဆောင်ဆွေးနွေးနေသူ ဒဲရက်ချိုလတ်က စက်တင်ဘာ ၂၂ ရက်မှာ ပြောကြားခဲ့ဖြစ်ပါတယ်။
အခုလတ်တလောအတွင်းမှာပဲ ကျောင်းသားကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရတဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ နိုင်ငံကျော် နိုင်ငံရေးသမား လေးဦးကို ကွပ်မျက်ခဲ့မှုတွေကို ထုတ်နုတ်တင်ပြပြီး မြန်မာနိုင်ငံရဲ့ ၁၀ နှစ်ကြာ ဒီမိုကရေစီခရီးလမ်းကို ဖျက်ဆီးပစ်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒဲရက်ချိုလက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒဲရက်ချိုလက်ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဦးအောင်ကျော်မိုးတို့နဲ့ စက်တင်ဘာ ၂၁ ရက်က နယူးယောက်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံရာမှာ အကြမ်းဖက်စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အပေါ် အမြင်သဘောထားတွေ၊ စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေဆက်လုပ်ဖို့ ပစ်မှတ်ထားသင့်တဲ့ လုပ်ငန်းတွေ၊ တရားမျှတမှုဖော်ဆောင်နိုင်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ နည်းပညာ၊ ဆက်သွယ်ရေး၊ အကူအညီနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ၊ ပြည်သူရင်ခွင်ခိုလှုံလာကြသူတွေအတွက် ကူညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးက ထုတ်ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် ဒဲရက်ချိုလတ်ဟာ တခြားသက်ဆိုင်ရာနိုင်ငံတွေက အစိုးရတွေနဲ့ တွေ့ဆုံရာမှာတော့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်တာကို ဆွေးနွေးခဲ့ပြီး လက်တွေ့ဆောင်ရွက်ဖို့အတွက်ကတော့ အရမ်းစောနေသေးသလို အတိအကျလည်းမသိနိုင်သေးဘူးလို့ ဆိုပါတယ်။
ရုရှားနဲ့ တရုတ်က ဒီပြဿနာပေါ်မှာ လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံကို ဘယ်အတိုင်းအတာထိ အရေးယူစေချင်သလဲဆိုတာကိုလည်း ထည့်သွင်းစဉ်းစားထားဖို့လိုမယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရှိနေတဲ့ မြန်မာစစ်ကောင်စီရဲ့ မဟာမိတ်နှစ်နိုင်ငံကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
တခြားသက်ဆိုင်ရာအစိုးရတွေအနေနဲ့ လာမယ့် ဩဂုတ်လထဲမှာ ပြုလုပ်သွားမယ့်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဆိုတာကိုလည်းလုံးဝအသိအမှတ်မပြုကြဖို့ ဒဲရက်ချိုလတ်က တိုက်တွန်းထားပါတယ်။
နိုင်ငံမှာ နယ်မြေစိုးမိုးမှုကလည်း တစ်ဝက်လောက်တောင်မရှိတော့တာရယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အဖမ်းခံ၊ အသတ်ခံနေရတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖမ်းထားပြီး လပေါင်း ၂၀ လောက် ဘယ်သူနဲ့မှပေးမတွေ့တာရယ်၊ ဒါတွေကိုကြည့်ရင် သူတို့လုပ်မယ့်ဒီရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ဘူးလို့ အမေရိကန် အရာရှိက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်ကလည်း စစ်ကောင်စီ ပြုလုပ်မယ့်ရွေးကောက်ပွဲဟာ အလိမ်အညာသာဖြစ်လိမ့်မယ်လို့ စက်တင်ဘာ ၂၂ ရက်က သတိပေးပြောကြားခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း စက်တင်ဘာ ၂၁ ရက်က ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မိန့်ခွန့်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“မိမိတို့ ရှာဖွေနေကြတဲ့ အောင်မြင်မှုအားလုံးရဲ့ အခြေခံဟာ လူ့အခွင့်အရေးဆိုတာပါပဲ။ ဒါပေမဲ့ ခုဒီနေ့လို ခရစ်သက္ကရာဇ် ၂၀၂၂ မှာတောင် အခြေခံကျတဲ့လွတ်လပ်ခွင့်တွေဟာ ခြိမ်းခြောက်ခံနေရတုန်းပါပဲ။ ဒါဟာ ရှင်းကျန်းဒေသမှာ ချိုးဖောက်ခံရမှုတွေကနေ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့တက်ကြွလှုပ်ရှားသူတွေနဲ့ လူနည်းစု တိုင်းရင်းသားတွေကို စစ်အာဏာရှင်က ဆိုးဝါးတဲ့ နှိပ်စက်ကလူမှုတွေ ပြုလုပ်နေတာတွေအထိ ကမ္ဘာကြီးရဲ့ နေရာတိုင်းလိုလိုမှာ ဖြစ်နေတာပါ။”လို့ သမ္မတဘိုင်ဒင်ကပြောပါတယ်။
အာဏာသိမ်းပြီးနောက်စစ်ခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုတွေ ဆက်တိုက်ချမှတ်ဆောင်ရွက်ခဲ့ပေမဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူဖို့ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူတွေကတောင်းဆိုတာကိုတော့ အခုထိဆောင်ရွက်ခြင်းမရှိသေးပါဘူး။
အမေရိကန်ရဲ့ မဟာမိတ်ထိုင်းနိုင်ငံဟာ သဘာဝဓာတ်ငွေ့ကို မြန်မာနိုင်ငံကနေ တင်သွင်းနေတာဖြစ်ပါတယ်။
အာဆီယံဟာလည်း မြန်မာနိုင်ငံအရေးကို အမေရိကန်ကမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကြား နိုင်ငံရေးအရဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ မဆောင်ရွက်နိုင်ခဲ့သလို အိမ်နီးချင်းအိန္ဒိယနိုင်ငံကလည်း မြန်မာစစ်ခေါင်းဆောင်းတွေအပေါ် ပြင်းပြင်းထန်ထန်အရေးယူဖို့ တွန့်ဆုတ်နေတယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေးသားဖော်ပြပါတယ်။
Ref-AFP/ Photo Credit-MoHR
အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအသစ်ကို လုံးဝအသိအမှတ်မပြု လက်မခံတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ဇူလိုင် ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
စစ်ခေါင်းဆောင်တစုက ပြည်သူ့ဆန္ဒကိုလစ်လျူရှုကာ အဓမ္မအာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်မှုကြောင့် ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီကိုဆန့်ကျင် တော်လှန်မှုတွေ နိုင်ငံတဝန်းပေါ်ပေါက်ခဲ့ပြီး တိုင်းပြည်အခြေအနေမှာ လွန်စွာဆိုးဝါးလှတဲ့ အခြေအနေသို့ ရောက်ရှိနေစဉ် စစ်ကောင်စီက ပြည်သူလူထုနဲ့ နိုင်ငံတကာကိုလှည့်စားဖို့ နောက်ထပ်ရွေးကောက်ပွဲတခု ကျင်းပဖို့ ကြံစည်အားထုတ်နေတဲ့အတွက် ဒီရွေးကောက်ပွဲသစ်ကို ဆန့်ကျင်တဲ့ အကြောင်း အန်အယ်လ်ဒီပါတီက သဘောထားထုတ်ပြန်လိုက်တာပါ။
အာဏာသိမ်းစစ်ကောင်စီရဲ့ အဓမ္မအာဏာရယူမှုဟာ သူတို့ကိုယ်တိုင် ပြဋ္ဌာန်းအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိရုံမက နိုင်ငံတော်သမ္မတကသာလျှင် ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုဟာလည်း တရားဝင်မှုမရှိတဲ့အတွက် ရွေးကောက်ပွဲအပါအဝင် ဒီအဖွဲ့ရဲ့ဆောင်ရွက်သမျှ ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ငန်းစဉ်အားလုံးဟာ ဘယ်ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့မှ ညီညွတ်မှုမရှိလို့ လုံးဝအသိအမှတ်မပြု လက်ခံမှာ မဟုတ်ပါကြောင်း အန်အယ်လ်ဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၀ နိုဝင်ဘာလ ၈ ရက်အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ်ရှိရာ ၁၁၁၇ နယ်မှာ ကျင်းပနိုင်ခဲ့ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇ ဦးရှိရာမှာ ပြည်သူ့လွှတ်တော်မှာ ၇,၅၁၂,၈၅၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၂၇၄၉၅၅၅၅ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ ၃၀၄၅၉၁၁၃ ဦး လာရောက်မဲပေးခဲ့လို့ ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော်ခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်းအနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို နိုင်ငံတကာသံတမန်တွေ၊ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေနဲ့ လေ့လာသူအရပ်ဖက်အဖွဲ့အစည်းတွေကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။
စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီကတော့ ရွေးကောက်ပွဲမှာ အပြတ်အသတ်ရှုံးနိမ့် အစိုးရဖွဲ့ခွင့် မရတော့တဲ့အတွက် စစ်တပ်က မဲစာရင်းမှားယွင်းမှုကို အကြောင်းပြပြီး နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက် သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ ပါတီဝင်တွေနဲ့ ပါတီ ထောက်ခံသူတွေကို ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချ၊ သတ်ဖြတ်၊ နေအိမ်တွေ ချိပ်ပိတ်၊ မီးရှို့ဖျက်ဆီး နေတာဖြစ်ပါတယ်။