close

ရွေးကောက်ပွဲ

close

May 8, 2023

ရွေးကောက်ပွဲမှတဆင့် ထိုင်းနိုင်ငံသားများ အပြောင်းအလဲမျှော်လင့်

မေလ ၁၄ ရက်မှာ ကျင်းပမယ့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းအစိုးရက ပြင်ဆင်နေချိန်မှာ ထိုင်းနိုင်ငံ ဒီမိုကရေစီသမိုင်းမှာ အရေးပါတဲ့ အခိုက်အတန့်တခုနဲ့ ရင်ဆိုင်နေရတယ်လို့ ဘန်ကောက်မြို့ခံတွေက ပြောပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ၈ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် အပြောင်းအလဲအတွက် တောင်းဆိုခဲ့ကြပါတယ်။

အသက် ၄၈ နှစ်အရွယ် ဘန်ကောက်မြို့ခံ နာရာတာ့ချ် ကန်ဂျနာကူးလ်က “ကျနော်မြင်ချင်တာက အပြောင်းအလဲဆိုတာ သေချာပါတယ်။ အရင်တုန်းကတော့ ကျနော်တို့ကို သူတို့အတိုင်းပဲ လက်ခံခိုင်းဖို့ ဖိအားပေးခံခဲ့ရတယ်” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီး စစ်တပ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ပြီး စစ်တပ်အကြီးအကဲဟောင်းဆီ အာဏာလွှဲပြောင်းပေးခဲ့တဲ့ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကြောင့် ထိုင်းနိုင်ငံကို “ရွေးကောက်ပွဲအာဏာရှင်စနစ်” လက္ခဏာတွေ ပြခဲ့တဲ့ နိုင်ငံအဖြစ် နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သတ်မှတ်ခဲ့ပါတယ်။

၂၀၁၉ ရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ပရာယွတ် ချန်အိုချာက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ရလဒ်အနေနဲ့ ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြည့်အဝ ဒီမိုကရေစီအစိုးရအဖြစ် သတ်မှတ်မခံခဲ့ရပါဘူး။

ချူလာလောင်ကွန် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ စီရီပန် နောင်ဆုအန် ဆာဝပ်ဒီက“၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက ဘယ်လိုပဲ မဲပေးခဲ့ပါစေ၊ ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ဝန်ကြီးချုပ်ဖြစ်လာမယ်ဆိုတာ သေချာပါတယ်” လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ဟာ လာမယ့်ရွေးကောက်ပွဲမှာ သူ့ကိုယ်သူ ဘေးဖယ်ထားနိုင်တယ်လို့ ရှုမြင်နိုင်တဲ့ အလားအလာ ရှိနေတယ်လို့လည်း စီရီပန်က ပြောပါတယ်။

“ကမ္ဘာ့စီးပွားရေးကျဆင်းမှု၊ ကပ်ရောဂါနဲ့ အစိုးရရဲ့ ကျေနပ်စရာမရှိတဲ့ စွမ်းဆောင်ရည်တွေလို အကြောင်းရင်းတွေကြောင့် မဲဆန္ဒရှင်တွေနဲ့ စစ်တပ်ထောက်ခံတဲ့ ပါတီတို့ ပိုမိုဝေးကွာသွားစေတာ ထင်ရှားတယ်” လို့ သူက ရှင်းပြပါတယ်။

သမ်မားဆတ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ လက်ထောက်ပါမောက္ခ ပရာဂျက်ခ် ကောင်ကိရာတီရဲ့ ပြောကြားချက်အရ လာမယ့်ရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီကို အားကောင်း ခိုင်မာစေဖို့ အရေးကြီးတဲ့ အခွင့်အလမ်းတရပ်ဖြစ်တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဟာ နှစ်ပါတီစနစ်ကနေ ပိုမိုကွဲပြားပြီး ရှုပ်ထွေးတဲ့ ပါတီစုံစနစ်ဆီ ကူးပြောင်းသွားပြီဖြစ်လို့ ကျယ်ပြန့်တဲ့ နိုင်ငံရေးအယူဝါဒတွေကို လိုက်လျောညီထွေ ဖြစ်စေတယ်လို့လည်း ပြောပါတယ်။

“နောက်ထပ်ကြီးမားတဲ့ ပြောင်းလဲမှုကတော့ ပါတီကြီးတွေကို မျက်နှာသာပေးမယ့် မဲနှစ်မဲနဲ့ ရွေးကောက်ပွဲစနစ်ပါပဲ။ ဒါကြောင့် ထိုင်းနိုင်ငံမှာ အကြီးဆုံးပါတီဖြစ်တဲ့ ဖွေ့ထိုင်းပါတီက အမတ်နေရာ အရေအတွက် ပိုများလိမ့်မယ်” လို့ သူက ရှင်းပြပါတယ်။

နိုင်ငံရေးကျွမ်းကျင်သူ နှစ်ဦးစလုံးက ဖွေ့ထိုင်းပါတီဟာ အပြတ်အသတ် အနိုင်ရရှိဖို့ ခုအချိန်မှာ ပိုမိုစိန်ခေါ်လာနေတယ်လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲတွေထဲက အထူးသဖြင့် Future Forward ပါတီ ပေါ်ပေါက်လာတာနဲ့အတူ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲဟာ ခုအချိန်မှာ စိန်ခေါ်မှု ပိုပြင်းထန်လာတယ်လို့လည်း ဆိုကြပါတယ်။

5 mins Ago

May 4, 2023

ပါရာဂွေးရွေးကောက်ပွဲ မဲပြန်လည်ရေတွက်ရန် တောင်းဆိုဆန္ဒပြ

အာဏာရ ကော်လိုရာဒိုပါတီက သက်သောင့်သက်သာ အနိုင်ရသွားတဲ့ ပါရာဂွေး သမ္မတရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ တိုင်ကြားမှုတွေ ရှိနေပြီး ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲတွေကို ပြန်လည်ရေတွက်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ရွေးကောက်ပွဲမှာ တတိယ မဲအများဆုံး ရရှိခဲ့တဲ့ လက်ယာယိမ်း သမ္မတလောင်း ပါရာဂွါယို ကူဘားစ်ရဲ့ ထောက်ခံသူတွေဟာ မေ ၁ ရက်က ရွေးကောက်ပွဲ တရားရုံးအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြတာပါ။

ပါရာဂွါယို ကူဘားစ်ကို ထောက်ခံသူ ရာပေါင်းများစွာ စုရုံးခဲ့ကြပြီးနောက်မှာ ရဲတပ်ဖွဲ့က တရားရုံးချုပ်ကို ခြံစည်းရိုးခတ်ပြီး ခဲနဲ့ပေါက်တဲ့ ဆန္ဒပြလူငယ်တွေကို ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တခြားနေရာတွေမှာလည်း ဆန္ဒပြသူတွေဟာ တာယာတွေကို မီးရှို့ခဲ့ကြပြီး မေ ၃၁ ရက်က မဲ ၄၃ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် စီးပွားရေးပညာရှင် ဆန်တီယာဂို ပီနာရဲ့ ဓာတ်ပုံနဲ့ ဘေလ်ဘုတ်တွေကို ဖျက်ဆီးပြီးတော့ လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။

ဒုတိယနေရာက Efrain Alegre က မဲ ၂၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး တတိယနေရာက ကူဘားစ်ဟာ မဲ ၂၃ ရာခိုင်နှုန်းနီးပါး အနိုင်ရရှိတာကြောင့် ရွေးကောက်ပွဲ လေ့လာသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။

ကူဘားစ်ဟာ မဲတွေကို ပြန်ရေတွက်ဖို့ အင်စတာဂရမ်မှာ ပို့စ်တခုတင်ပြီး ထောက်ခံသူတွေကို ရွေးကောက်ပွဲရလဒ်အား ကန့်ကွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒုတိယ မဲအများဆုံး အယ်လီဂရီဟာ မဲတွေကို ပြန်ရေတွက်ဖို့နဲ့ အီလက်ထရွန်နစ် မဲပုံးတွေမှာ အသုံးပြုတဲ့ ကွန်ပျူတာ ပရိုဂရမ်တွေကို နိုင်ငံတကာ စစ်ဆေးမှုပြန်လုပ်ဖို့ ရွေးကောက်ပွဲ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

4 days Ago
Up