ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားနေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။
ရွှေကူမြို့အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားနေပြီး လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာ ၁၀ ရွာက စစ်ရှောင်ပြည်သူတွေ ငှက်ဖျားရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များနေတာလို့ ဆိုပါတယ်။
စီသောင်ကျေးရွာ စစ်ဘေးရှောင်တဦးက “ရွာပေါင်း ၁၀ ရွာလောက်က စစ်ဘေးရှောင် ၇,၀၀၀ နီးပါးလောက် တောထဲမှာ နေနေကြရတယ်။ တချို့ကလည်း မြို့ပေါ်မှာနေကြတယ်။ တိုက်ပွဲတွေဖြစ်နေတော့ ပြန်လို့လည်းမဖြစ်၊ အိမ်တွေကလည်း မီးရှို့ခံလိုက်ရတော့ နေစရာမရှိဖြစ်နေတော့ တောထဲမှာပဲ နေကြရတယ်။ အခုရက်ပိုင်း သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျား အဖြစ်များတယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေပြီး နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့အတွက် ဒေသခံပြည်သူတွေ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရတာ ၁ လကျော်ကြာမြင့်ပြီး မိုးရွာသွန်းမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားသူ များပြားလာတာပါ။
စစ်ရှောင်ပြည်သူတဦးက “စစ်ဘေးရှောင်နေရတာ ၁ လကျော်ပြီ။ ပြီးခဲ့တဲ့ ဧပြီလလယ်လောက်မှာ မိုးတွေရွာတယ်။ မိုးရွာပြီးတဲ့နောက် သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျား အဖြစ်များလာတာပဲ။ တောထဲနေရတာဆိုတော့ လယ်ခင်းတဲလေးတွေထဲ တချို့နေကြတယ်။ တချို့ကလည်း မိုးကာလေးတွေနဲ့ နေကြရတယ်။ နေထိုင်ဖို့ အဆင်မပြေ၊ ဆေးဝါးမရှိတော့လည်း ရောဂါဖြစ်ပွားမှုနှုန်း ပိုများပြားလာတယ်။ ကလေးတွေလည်း ငှက်ဖျားနဲ့ တုပ်ကွေး ဖြစ်နေတာ အများကြီးပဲ” လို့ ပြောပါတယ်။
ကျေးရွာ ၁၀ ရွာက စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူတွေထဲမှာ စီသောင်ကျေးရွာက စစ်ရှောင်ပြည်သူ ၂,၀၀၀ ကျော်လောက် ပါဝင်ပြီး ကလေးငယ် ၅၀၀ နီးပါးမှာ ၁၀၀ လောက် သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားနေတာပါ။
ပြီးခဲ့တဲ့ မတ် ၂၁ ရက်မှာ စစ်ကောင်စီတပ်က ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး စီသောင်ကျေးရွာက နေအိမ် ၂၀၀ ကျော်၊ စီမူကြီးကျေးရွာက နေအိမ် ၄၀ ကျော်၊ စီမူလေးကျေးရွာက နေအိမ် ၇၀ ကျော်၊ မံနားကျေးရွာက နေအိမ် ၄၀ ကျော်၊ တုံကောက်ကျေးရွာမှာ နေအိမ် ၄၀ ကျော်၊ မံခါးကျေးရွာက နေအိမ် ၃၀ ကျော်၊ မံဝိန်းကျေးရွာမှာ နေအိမ် ၁၀၀ ကျော်၊ စီမော်ကျေးရွာက နေအိမ် ၁၀၀ ကျော်၊ နန့်လတ်ကျေးရွာက နေအိမ် ၃၀ ကျော်၊ နောင်လတ်ကြီးကျေးရွာက နေအိမ် ၃၀ ကျော်နဲ့ စီသာကျေးရွာက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ၁၀,၀၀၀ နီးပါး နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက ကျေးရွာတွေကို ဧပြီ ၅ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
မနေ့မွန်းတည့် ၁၂ နာရီလောက်က စီသာနဲ့ မံသာရွာ ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီးနောက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ သုံးကျော့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ရွှေကူ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မံသာနဲ့ စီသာကျေးရွာက နေအိမ်တွေ မီးလောင်သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ အသေးစိတ်မသိရသေးပါဘူး။
မနေ့က နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချုံခိုတိုက်ခိုက်မှာကို စိုးရိမ်ကြောက်လန့်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်တာလို့ ရွှေကူမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ရွှေကူမြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၂) နဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၂၃ ရက်က စတင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ် တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၀) (၇၇) (၈၈)က စစ်ကြောင်း ၅ ကြောင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်လည်ရယူဖို့ လာရောက်တိုက်ခိုက်နေတာလို့ PDF တပ်ဖွဲ့က ပြောပါတယ်။
ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၁၂ ရွာလောက်က ပြည်သူ ထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်းနဲ့ အစားအသောက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။