close

ရွှေကူမြို့

close

April 26, 2023

ရွှေကူမြို့ရှိ ကုန်စုံဆိုင်ဖွင့်ထားသည့်နေအိမ်တလုံးကို စစ်ကောင်စီ ချိပ်ပိတ်

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဧပြီ ၂၄ ရက်က ဒေသခံ ပြည်သူပိုင်တဲ့ ကုန်စုံဆိုင်ဖွင့်ထားတဲ့ နေအိမ်တလုံးကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချိပ်ပိတ်သွားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ကုန်စုံဆိုင်ပိုင်ရှင်လင်မယားရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “သူတို့ အဖမ်းခံထားရတာ တလပြည့်တော့မယ်။ PDF ထောက်ပံ့လို့ဆိုပြီး အဖမ်းခံရတာ။ ၂၄ ရက်နေ့ နေ့လယ်ပိုင်းလောက် စစ်တပ်က လာပြီး ချိပ်ပိတ်သွားတာ။ စာတန်းအနီရောင်ကြီးနဲ့ တပ်ပိုင်မြေဆိုပြီး ချိတ်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က PDF ထောက်ပံ့လို့ဆိုပြီး ကုန်စုံဆိုင်ပိုင်ရှင် ဦးဖိုးလှိုင်နဲ့ ဒေါ်နွဲ့နွဲ့ဝင်း လင်မယားနှစ်ဦးကို ပြီးခဲ့တဲ့ ဧပြီ ၂ ရက်က ဖမ်းဆီးခဲ့ပြီး ဧပြီ ၂၄ ရက်နေ့မှာ သူတို့ရဲ့နေအိမ် ကုန်စုံဆိုင်ကို ချိပ်ပိတ်သွားတာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းက စတင်ပြီး ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတဝန်းမှာ ချိပ်ပိတ်သိမ်းဆည်းခံရမှုပေါင်း ၇၅၁ ခုအထိ ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ထုတ်ပြန်ချက်အရ သိရပါတယ်။

10 mins Ago

April 2, 2023

ရွှေကူမြို့ရှိ စစ်ဘေးရှောင် အယောက် ၄၀ ထက်မနည်းကို စစ်တပ် ဖမ်းဆီး

ကချင်ပြည်နယ်၊ ရွှေကူမြို့ရှိ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် အယောက် ၄၀ ထက်မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုန်ခမ်း၊ ရေဝန်းနဲ့ ဘုန်းကြီးကျောင်းတချို့မှာ စစ်ရှောင်လာကြတဲ့သူတွေထဲက အယောက် ၄၀ ထက်မနည်းကို မတ် ၃၀ ရက်နဲ့ ဧပြီ ၁ ရက် ညနေပိုင်းတွေမှာ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ရွှေကူမြို့ခံ တဦးက “အိမ်စီးကားတွေနဲ့ စစ်တပ်နဲ့ ရဲ ၂၀ ကျော်လောက်ရှိမယ်။ နေရပ်ပြန်ဖို့ ဖိအား လာပေးကြတာ။ သူတို့ မသင်္ကာတဲ့ စစ်ရှောင်ဆိုတဲ့ အမျိုးသား၊ အမျိုးသမီး တချို့ကိုလည်း ဖမ်းသွားတယ်”လို့ ဆိုပါတယ်။ 

တချို့ကတော့ကြောက်လို့ နေရပ် မပြန်ရဲကြသေးဘဲရှိနေပြီး ငွေကြေးတတ်နိုင်သူတွေက မြို့ထဲ အိမ် ငှားရမ်းနေထိုင်ကြသလို တချို့ ငွေကြေး မတတ်နိုင်သူတွေက ဖြစ်သလိုနေ နေကြရတယ်လို့ သိရပါတယ်။ 

လတ်တလော မံစီမြို့နယ်ထဲက သံတံတား၊ မံသာကျေးရွာတွေဘက် စစ်တပ်က စစ်ဆင်ရေး ဝင်နေတယ်လို့ သိရပြီး တိုက်ပွဲဖြစ်မယ့် အခြေအနေတွေကြောင့် ဒေသခံတွေ  စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာများဖြစ်သည့် စီမူလေး၊စီမူကြီးနဲ့ စီသောင်ဘက်မှာ မတ် ၃၀ နဲ့ ၃၁ ရက်က စစ်တပ်နဲ့  KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် စီမူလေးရွားက နေအိမ် ၁၀၀ မီးလောင် ပြာကျခဲ့သလို လူ ရာချီ စစ်ဘေးရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

ဧပြီ ၂ ရက်အခြေအနေအရ စစ်ရေးတင်းမာနေဆဲပြီး ဖမ်းဆီးခံရတဲ့သူတွေ လွတ်လာတာ မကြား သေးဘူးလို့ ဒေသခံ တဦးက ပြောပါတယ်။

3 weeks Ago
Up