close

ရွှေကူ

close

March 15, 2023

ဖားကန့်တွင် ကေအိုင်အေနှင့် နီးစပ်သူ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး၊ ရွှေကူတွင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မော်မောင်းလျှံကျေးရွာက ကေအိုင်အေ ဒုတိုက်နယ်မှူး တန်ဆိုင်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်က မတ်လ ၁၅ ရက် ဒီနေ့မနက် ၅ နာရီကျော်က ဝင်ရောက်စီးနင်းပြီး လူ ၆ ဦးကို ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ရှင်ဖြစ်သူ ဒုတိုက်နယ်မှူး တန်ဆိုင်းမှာ ဖမ်းဆီးခံရတာမရှိပေမဲ့ နော်လီ၊ ဒွဲဂျာ၊ လအောင်၊ ဂွမ်ထန်နော်အောင်၊ ဆွတ်လွတ်နော်လတ်နဲ့ အမည်မသိသူတဦး စုစုပေါင်း ၆ ဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ ရပ်ကွက် ကျေးရွာအုပ်စုအလိုက် KIA/KIO တိုက်နယ်မှူး၊ ဒုတိုက်နယ်မှူးတွေက အုပ်ချုပ်ရေးမှူးအနေနဲ့ ဆောင်ရွက်ကြပြီး အခွန်ငွေကောက်ခံမှုဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

မတ်လ ၁၁ ရက်ကလည်း ဖားပြင်ကျေးရွာမှာ ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုရုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး လူ ၇ ဦးလောက်ကို ဖမ်းဆီးသွားပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာတော့ မတ် ၁၄ ရက် နေ့လယ်က စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စစ်ရှောင်တဲနှစ်လုံးကို မီးရှို့ဖျက်ဆီးကာ ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားပါတယ်။

ကျောက်ကြီးကျေးရွာမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သာယာကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စစ်ရှောင်တဲနှစ်လုံးကို မီးရှို့ကာ ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသွားတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“နေ့လယ် ၃ နာရီလောက် ကျောက်ကြီးဘက်ကနေ စစ်ကြောင်းထိုးလာတာ။ သာယာကုန်းကျေးရွာ ဝင်ကတည်းက နှစ်ဖွဲ့ခွဲပြီး ပစ်ခတ်ဝင်လာတယ်။ သတင်းကြားလို့ ကြိုတင်ရှောင်ရှားနေသူတွေ လည်း ရှိတယ်။ စစ်ကြောင်းက နှစ်ဖွဲ့ခွဲဝင်လာတော့ ရှောင်ခါနီးသူတွေ ၁၀ ဦးထက်မနည်း ဖမ်းခံထားရတယ်။ အခင်းထဲက စစ်ရှောင်တဲနှစ်လုံးကိုလည်း မီးရှို့သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ သာယာကုန်းကျေးရွာအတွင်းက စပါးတင်း ၂၀၀ ကျော်ပါ စစ်ရှောင်တဲနှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်း တပ်စွဲထားတယ်လို့လည်း ပြောပါတယ်။

သာယာကုန်းကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ မြို့လှ KPDF တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

2 weeks Ago

November 8, 2022

ရွှေကူမှ စုန်ဆင်းလာသည့် စစ်ကောင်စီရေယာဉ် တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ဘက်ကနေ နိုဝင်ဘာ ၇ ရက် မနက်၁၀ နာရီလောက်က ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဥ်အုပ်စုကို ကသာမြို့နယ်၊ တိုက်ကုန်းကျေးရွာအနီးမှာ Katha Drone Team (KDT) အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။

ဗုံးကြဲချရာမှာ  ရေယာဉ် ၆ စီးထဲက  ၁ စီးပေါ်ကျသွားခဲ့ပေမဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးတဲ့အကြောင်း၊ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ်မျိုးစုံနဲ့ပြန်ပစ်ခဲ့တယ်လို့ ကသာမြို့နယ် ပကဖ အဖွဲ့က  ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

"အဆန်တုန်းကတော့ ခေါင်မိုးပေါ်မှာ စက်သေနတ်ပစ်တဲ့ စခတွေပါတယ်။ အခုမပါတော့ ရေယာဥ်ပေါ်ကိုပဲပစ်ချလိုက်ရတာ။ အထိအခိုက်မသိရပေမဲ့ ပစ်ချခံရပြီးနောက် လက်နက်ကြီးငယ်မျိုးစုံ ပြန်ပစ်တာပါ။ မိုတားလေးကို ခဏကပ်ပြီး စခတွေ အတင်အချလုပ်ကာ ကသာဘက်ကို  ဆက်စုန်သွားပါတယ်။ ဒီနေ့ည ကသာမှာ ညအိပ်ကြမယ်ထင်ပါတယ်"လို့ ကသာမြို့နယ် ပကဖ အဖွဲ့ကပြောပါတယ်။

စစ်ကောင်စီရေယာဥ်အုပ်စု လုံခြုံရေအတွက် ကုန်းပေါ်မှာနေတဲ့ စကစ တပ်သားတွေက ဆင်ကုန်တိုင်ကျေးရွာ၊ မိုးတားလေးကျေးရွာ၊ ခတက်ချောင်ကျေးရွာ၊ မင်းလယ်ကျေးရွာ၊ နလယ်အင်းကျေးရွာ၊ ပေါမမြိုင်ကျေးရွာနဲ့ ပုလွှေရွှေကျေးရွာတွေမှာ တပ်ဖြန့်ထားတယ်လို့ ကသာမြို့နယ် ပကဖ အဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။

နလယ်အင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တာကြောင့် သာစည်ကျေးရွာနေ ၄ နှစ်သားအရွယ် မောင်ဖြူရဲ့ လက်မောင်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး သာစည်လမ်းစုံဘက်ကို ကျတဲ့လက်နက်ကြီးကျည်ကတော့  မပေါက်ကွဲလို့ ကံကောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီတပ်သားတွေ ရွာတွေထဲကိုဝင်လာချိန် PDF တွေက ဘာမှမလုပ်ရင် သူတို့ကလည်း ဘာမှမလုပ်ဘူး။ မိုင်းခွဲခံရရင် ရွာကိုမီးရှို့မယ် အမျိုးမျိုးပြောခဲ့ပေမယ့် ညပိုင်းအချိန်ရောက်ရင် ရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတာကြမို့ ယုံကြည်လို့မရတော့ဘူး”လို့ပြောပါတယ်။

နိုဝင်ဘာ ၆ ရက် ညကလည်း စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ရာမှာ နေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့လို့ ဒေသခံပြည်သူတွေ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရတယ်လို့ ရွာခံတွေကဆိုပါတယ်။

5 months Ago
Up