close

ရွှေကျင်မြို့နယ်

close

July 4, 2022

စစ်ကောင်စီခန့် ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်ရန် ကေအန်ယူ သတိပေး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအားလုံး နုတ်ထွက်ဖို့ ကေအန်ယူက ဇူလိုင် ၄ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်အရုံး(ကေအန်ယူ)၊ တပ်မဟာ ၃၊ ရွှေကျင်(ဆောထိ)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က စီမံအုပ်ချုပ်မှာဖြစ်လို့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ‌ကျေးရွာလူကြီးအားလုံး နုတ်ထွက်ဖို့  သတိပေးခဲ့တာပါ။

ကေအန်ယူ ဆောထိမြို့နယ်စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း ကေအန်ယူဗဟို၊ ခရိုင်ကချမှတ်ထားတဲ့ မူဝါဒ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြည်သူလူထုစားဝတ်နေရေး၊ လူမှုရေး၊ လူမှုဘဝလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူလူထုအနေနဲ့ အချက် ၇ ချက်ကို လိုက်နာဆောင်ရွက်ဖို့ ညွန်ကြားလိုက်ပါတယ်။

ကေအန်ယူ ဆောထိမြို့နယ်စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း မည်သည့်ကိစ္စမဆို ဆောင်ရွက်လိုပါက သက်ဆိုင်ရာမြို့နယ်ရဲ့ ခွင့်ပြုချက်ကိုရယူရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာရမှာဖြစ်ပါတယ်။

ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို  ဆောင်ရွက်လုပ်ကိုင်လိုပါက တရားဝင်တင်ပြပြီး ခွင့်ပြုချက်ရယူလုပ်ကိုင်ဖို့၊ ဒေသခံပြည်သူတွေအနေနဲ့ မိမိတို့ပိုင်ဆိုင်မှုမှန်သမျှကို တရားဝင်စာရင်းသွင်းမှတ်ပုံတင်ဖို့၊ မြေယာ၊ သစ်တော၊ ရေလုပ်ငန်းနဲ့ သဘာဝသယံဇာတတွေကို လုပ်ငန်းဖို့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဝင်ရောက်လုပ်ကိုင်ဖို့ ဆိုပါတယ်။

ဒါအပြင် မူးယစ်ဆေးဝါးနဲ့လောင်းကစားတွေ လုံးဝမပြုလုပ်ဖို့နဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပျံ့နှံမှုထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနရဲ့ လမ်းညွန့်မှုအတိုင်း ပြည်လူထုတရပ်လုံး တိကျစွာလိုက်နာဖို့နဲ့ ဖောက်ဖျက်ကျူးလွန်သူကို ကေအန်ယူက ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

10 hours Ago

December 29, 2020

ရွှေကျင်မြို့နယ်တွင် သာသနမြေပေါ် အဆောက်အအုံဆောက်လုပ်မှု မကျေနပ်သဖြင့် ဆန္ဒ​ပြ​

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ ဘုန်း​ကြီး​ကျောင်း အုတ်တံတိုင်းကို ဖြိုချ​​ပြီး သာသန​​မြေ​ပေါ်မှာ  ဆောက်အအုံဆောက်လုပ်တာကို ​ကျေနပ်မှုမရှိတာ​​ကြောင့် ဒီဇင်ဘာ ၂၈ ရက် နေ့က ဒေသခံ​​တွေ ရွှေကျင်မြို့ထဲ စီတန်းလှည့်လည် ဆန္ဒ​​ပြခဲ့​ကြပါတယ်။ ရွှေကျင်မြို့၊ ကျေးလက်​ဒေသတိုးတက်ဖွံဖြိုးရေးဦးစီးဌာနရဲ့ လူထုဗဟိုပြုစီမံကိန်းအဖြစ် ဆောင်ရွက်ရာမှာ ကွင်းဆိပ်ကျေးရွာ မင်္ဂလာရွာမဘုန်းကြီးကျောင်းအုတ်တံတိုင်းကို ဖြိုချခဲ့သူ​တွေကို အရေးယူပေးဖို့နဲ့ သာသနမြေအတွင်း ဘက်စုံသုံး မင်္ဂလာခန်းမ တည်ဆောက်မယ့်အ​ပေါ် ​ဒေသခံ​တွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ကျေးလက်​ဒေသတိုးတက်ဖွံဖြိုးရေးဦးစီးဌာန ရဲ့ လူထုဗဟိုပြုစီမံကိန်းအဖြစ် ကျပ် သိန်း ၈၀၀ နဲ့ ဆောင်ရွက်မယ့် ဘက်စုံသုံး  မင်္ဂလာခန်းမ တည်ဆောက်ရာမှာ  ကွင်းဆိပ်ကျေးရွာ ရဲစခန်းရှေ့မြေနေရာမှာ ဆောက်ဖို့ လူထုမဲဆန္ဒအများစုနဲ့ သတ်မှတ်ခဲ့တာပါ။ ဒါပေမဲ့ လက်ရှိမှာ ကွင်းဆိပ်ကျေးရွာ မင်္ဂလာရွာမ ဘုန်းကြီး​ကျောင်းအုတ်တံတိုင်းကို ညဘက်မှာ ​ဖြိုချ​ပြီး ကျောင်းမြေမှာ အဆောက်အအုံ ဆောက်မယ့်အပေါ် တာဝန်ရှိသူ​တွေကို အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် ထိရောက်တဲ့ဖြေရှင်း​ပေးမှု မရှိခဲ့တာကြောင့် ဆန္ဒထုတ်ဖေါ်ရတာလို့ ဒေသခံတွေက ဆိုပါတယ်။ ဆန္ဒပြတဲ့ ဒေသခံ ဦး​ကျော်သူ က "အလှူရှင်တွေ လှူဒါန်းထားတဲ့ အုတ်တံတိုင်းကို ဖြိုချတာဟာ မဖြစ်သင့်ဘူး။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အ​နေနဲ့ စိတ်မကောင်းဖြစ်ရတယ်။ ဒါကိုအကြိမ်ကြိမ်တိုင်ကြားတယ်။ ခုအချိန်ထိ ထိရောက်တဲ့ အ​ရေးယူမှုတွေမရရှိလို့  မြို့ပေါ်အထိ တက်ကာဆန္ဒပြရတာဖြစ်တယ်"လို့ ပြောပါတယ်။ ကျေးလက်​ဒေသတိုးတက်ဖွံဖြိုး​ရေးဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းအဖြစ်ဆောင်ရွက်မယ့် သာသန​​မြေဟာ မြေ​နေရာကျဉ်းနေပြီး ဘက်စုံသုံး မင်္ဂလာခန်းမဆောက်လုပ်ဖို့ လုံးဝမဖြစ်သင့်ဘူးလို့ ဒေသခံ ဒေါ်ခင်​ဌေး​မြင့်က ပြောပါတယ်။ လူထုသဘောထား မဲဆန္ဒ ၉၁၀ နဲ့ အနိုင်ရရှိတဲ့ ရဲစခန်းရှေ့မြေနေရာမှာ မဆောက်ပဲ ညဘက်မှာအုတ်တံတိုင်းတွေ ဖြိုချခဲ့သူ​တွေကိုအ​ရေးယူဖို့နဲ့ သာသနာမြေမှာ အကြိမ်ကြိမ်ဝင်ရောက် တိုင်းတာရှင်းလင်းတာကိုရပ်တန့်​ပေးဖို့ နိုင်ငံ​တော်အ​ကြီးအကဲသိရ​အောင် တောင်းဆိုရတာလို့ ရွာသားတွေက ဆိုပါတယ်။ ဆန္ဒပြရာမှာ ဒေသခံ ၂၅ ယောက်က ဗီနိုင်းတွေကိုင်ဆောင်ပြီး ကျေးလက်ဒေသ တိုးတက်ဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့နဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တို့မှာ ကိုဗစ်-၁၉ စည်းကမ်းနဲ့ အညီ လှည့်လည်ဆန္ဒထုတ်ဖေါ်ခဲ့ကြတာလို့ဆိုပါတယ်။ မင်္ဂလာရွာမဘုန်းကြီးကျောင်းအုပ်တံတိုင်းဖြိုချပြီး သာသနာမြေမှာ အဆောက်အအုံ ဆောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရွှေကျင်မြို့နယ်ကျေးလက်​ဒေသ တိုးတက်ဖွံဖြိုးရေးဦးစီးဌာနကို  ဒီဗွီဘီက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပေမယ့် တွေ့ဆုံခွင့်မရရှိခဲ့ပါဘူး။ သတင်း၊ဓာတ်ပုံ- နေလင်းထိုက်  
2 years Ago
Up