close

ရွှေကျင်

close

February 23, 2023

ရွှေကျင်တွင် တိုက်ပွဲဖြစ်ပွား၊ ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ၆၀၀၀ ခန့် တိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင် မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာမှာ ဒီနေ့ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ နယ် မြေခံ KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်နေတဲ့အတွက် ရွာ ၉ ရွာက ဒေသခံ ၆၀၀၀ နီးပါး ည တွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီက နယ်မြေကျော် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ကောင်စီက ညောင်ပင်ကြီးရွာသစ်ကျေးရွာအတွင်းကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ စောလေးအောင်၊ နော်သူဇာနွယ်၊ ညားမထူးနဲ့ နော်ဆီဖိုးတို့ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူတဦးက “ညနေပိုင်းလောက်တည်းက တိုက်ပွဲတွေဖြစ်နေတာ။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်ထဲ့တာ လူထိခိုက်တာရှိတယ်။ ဘယ်သူမှရွာမှာ မနေရဲတော့ဘူး။ အခုညတွင်းချင်း ထွက်ပြေးနေရတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက အမှောင်ထဲပြေးနေရတော့  အခက်အခဲတွေတော့ ရှိတာပေါ့" လို့ ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ညောင်ပင်ကြီး ရွာမကျေးရွာ၊ ညောင်ပင်ကြီးရွာသစ်၊ သိုက်တူးကုန်း၊ တိုင်းကျွန်း စတဲ့ ကျေးရွာ  ၉ ရွာက အိမ်ခြေ ၁၂၀၀ နီးပါးက ဒေသခံပြည်သူ ၆၀၀၀ နီးပါး ပြေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၅ နာရီခွဲလောက်က ပုဇွန်ချောင်းကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၃ ဦး ထိမှန်သေဆုံးခဲ့သလို ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၁၈ ရက် ညကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ်၊ ကျွန်းတောကျေးရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မိခင်ဖြစ်သူ သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
9 hours Ago

September 21, 2022

ကျောက်တံခါး၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်များတွင် KNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ပဲခူးတိုင်းအရှေ့ပိုင်းက ကျောက်တံခါး၊ ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွေမှာ စက်တင်ဘာ ၂၀ ရက် ည ၁၀ နာရီလောက်က KNLA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်ထိတွေ့မှုဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ကာ မိုင်းတွေလည်း ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဗောဓိကွင်း ထရန်စ‌ဖော်မာ ပေါက်ကွဲသံကြားလို့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ သွားကြည့်ချိန် မိုင်းထပ်မံပေါက်ကွဲခဲ့တာကြောင့် ပျူစောထီး ၂ ယောက်နဲ့ စစ်ကောင်စီတပ်သား ၁ ယောက် သေပြီး ပျူစောထီး ၁ ယောက် ဒဏ်ရာရတယ်လို့ ကျောက်တံခါးမြို့ ဒေသခံတယောက်က ပြောပါတယ်။

ည ၁၀ နာရီမှာလည်း စစ်တောင်းမြစ်အရှေ့ခြမ်း နတ်သံကွင်းတံတားထိပ်ကနေ စစ်ကောင်စီက လက်နက်ကြီးနဲ့ အချက် ၂၀ ကျော် လှမ်းထုလို့ နတ်သံကွင်း ၇ ရပ်ကွက်က အသက် ၄၀ ကျော် ကရင်အမျိုးသမီးရဲ့ တင်ပါးကို လက်နက်ကြီးစ ရှပ်ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကျင်မြို့နယ် ပဒဲကော ဘောကထှာ ကနေလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တပ်ရင်း ၉ ဘက်ကို တညလုံး ပစ်နေခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက ကေအန်ယူ တပ်မဟာ ၃ ဘက်ကို စစ်အင်အားတိုးကာ စစ်ကြောင်းထိုးနေပြီး ရဟတ်ယာဥ်တွေလည်း နေ့စဥ်နီးပါး ပျံဝဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

5 months Ago
Up