နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အနီး ချိုင်းရွာလမ်းဆုံမှာရှိတဲ့ ရဲကင်းဂိတ်ကို မတ်လ ၁၀ ရက် ည ၆ နာရီကျော်လောက်က ဗုံးပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရပါတယ်။
ပေါက်ကွဲမှုဖြစ်တဲ့ ရဲကင်းဂိတ်အနီးမှာနေတဲ့ ကျေးရွာဒေသခံတစ်ဦးက “၆ နာရီကျော်ကျော်လောက်ကပဲ အဲရဲကင်းဂိတ်ဘက်ကနေ ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်တယ်။ လူထိခိုက်မှု ရှိ၊ မရှိ သေဆုံးမှုရှိ မရှိတော့ သွားလည်းမကြည့်ရဲတော့ မသိဘူး”လို့ ပြောပါတယ်။
အခုတကြိမ် ပေါက်ကွဲမှုအပါအ၀င် ရွှေကြာပင်ရပ်ကွက်နဲ့ ရွှေကြာပင်ရပ်ကွက်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတာ လေးကြိမ်ရှိပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ရွှေကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ရှေ့၊ ဖေဖော်ဝါရီ ၂၈ ရက်က ရွှေကြာပင်ရပ်ကွက်မှာနေတဲ့ ကြံ့ခိုင်ရေးပါတီက အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြညိမ်းနေအိမ်၊ မတ်လ ၁ ရက်နေ့ညက ရွှေကြာပင်ရပ်ကွက်အနီး ဧရာ၀တီလမ်းမပေါ်က လယ်/ဆယ် ညွှန်ချုပ်(ငြိမ်း) ဦးကျော်မြင့်လှိုင်ပိုင် Mandalay Paradise စားသောက်ဆိုင်တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး အိမ်ရှေ့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့ ညက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေကြာပင်ရပ်ကွက် ဒေသခံတဦးက “အုပ်ကြီး ကိုတင်ခိုင်အိမ်ရှေ့မှာ မနေ့ည ၇ နာရီ ကျော်ကျော်လောက်က ပေါက်တာ။ သူ့အိမ်ရှေ့တည့်တည့်မှာ လမ်းခြားပြီး ရေမြောင်း အဟောင်းရှိတယ်။ အဲဒီ ရေမြောင်းထဲမှာပေါက်တာ။ လူထိခိုက်တာတော့မရှိဘူး။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် တန်ဆောင် တိုင်ညတုန်းကလည်း သူ့အိမ်ထဲထိ ကြွပ်ကြွပ်အိတ်အမည်းနဲ့ထုပ်ပြီး ဗုံးလာထားသွားသေးတယ်။ ဗုံးကတော့ မေပါက္ဘူး။ ခြိမ်းခြောက်သတိပေးရုံလောက်ပဲ လုပ်တာလားတော့မသိဘူး” လို့ ပြောပါတယ်။
ရွှေကြာပင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုတင်ခိုင်ဟာ ယခင်က ရာအိမ်မှူးသာဖြစ်ပေမယ့် ယခင်အုပ်ချုပ်ရေးမှူး ပြုတ်သွားပြီး နောက် ရာအိမ်မှူးကနေ အုပ်ချုပ်ရေးမှူး ဖြစ်လာတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက်န ညမှာ မန္တလေး၊ ချမ်းမြသာစည်မြို့နယ် သင်ပန်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး သာဌေးမှာလည်း ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သလို ရန်ကုန်၊ လှိုင်သာယာ ၃ ရပ်ကွက် ရာအိမ်မှူး မင်းဇော်မှာလည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။