ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်းက မိုးစပါးစိုက်ဧက ၁,၀၀၀ ကျော်မှာ စပါးဖျက် ရွှေခရုတွေ ဝင်ရောက်နေတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။
ရွှေခရုတွေ ဝင်ရောက်နေချိန်မှာ တဘက်မှာလည်း ပိုးသတ်ဆေးတွေက ဈေးအဆမတန် ကြီးမြင့်နေတာကြောင့် လယ်သမားတွေအတွက် ရွှေခရုနှိမ်နင်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒေသခံတောင်သူတဦးက “ခုမှစထွက်တဲ့ အနေအထားမှာ ရွှေခရုကျတော့ အတော်နာတာပေါ့။ ပိုးသတ်ဆေးဝယ်ဖို့ကလည်း စရိတ်မတတ်နိုင်တော့ တော်တော်ဖြေရှင်းဖို့ခက်တယ်။ ပိုဆိုးတာက ရွှေခရုက ဥချနှုန်းလည်းမြန်တယ်၊ ဘာလုပ်ရမှန်းမသိတော့ဘူး” လို့ ပြောပါတယ်။
စပါးဖျက်ရွှေခရုတွေက မအူပင်မြို့နယ်အတွင်းက ကန်ကုန်းကျေးရွာ၊ တာပတ်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၇ ရွာလောက်မှာရှိတဲ့ လယ်ကွင်းတွေမှာ ကျရောက်နေတာဖြစ်ပြီး နှိမ်နင်းလို့ မနိုင်တာကြောင့် စိုက်ပျိုးထားတဲ့ မျိုးစပါးတွေကို စွန့်လွှတ်ရမယ့် အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၁ နှစ်ကျော်အတွင်း စပါးစိုက်ပျိုးရာမှာ အသုံးပြုရတဲ့ သွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ထုံးနဲ့ ဒီဇယ်ဈေးတွေ ၃ ဆကျော် မြင့်တက်လာလို့ လယ်သမားတွေဟာ အရင်လို ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးတွေကို မသုံးနိုင်တော့ဘူးလို့ တောင်သူတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာ လယ်ယာမြေတွေထဲ စပါးပင်ဖျက် ရွှေခရုတွေကျရောက်နေတာကြောင့် တောင်သူတွေအနေနဲ့ စပါးထွက်နှုန်းကောင်းဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
စပါးပင်ဖျက်ရွှေခရုတွေကို နှိမ်းနင်ဖို့အတွက် ပိုးသတ်ဆေးတွေမှာလည်း နှစ်ဆကျော်ဈေးမြင့်တက်လာတာကြောင့် အရင်လို ဝယ်သုံးဖို့ အဆင်မပြေတော့လို့ နှိမ်းနင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။
“ ထိပ်ဆုံးက ကွင်းတွေမှာ အများဆုံးပဲ အဲ့ကောင်တွေက ဥချတာလည်း မြန်တယ် သူတို့ကို နှိမ်နင်းဖို့ကျတော့ ပိုးသတ်ဆေးတွေကလည်း ဈေးကြီးလွန်းလို့ ဝယ်မသုံးနိုင်ဘူး။ ဘဲအကူညီနဲ့ဖြေရှင်းနေရတယ်”လို့ ဘိုကလေး မြို့ခံ လယ်သမားတဦးက ပြောပါတယ်။
ရွှေခရုတွေကို နှိမ်းနင်ရာမှာ ဘဲတွေရဲ့အကူညီနဲ့ ဖြေရှင်းနေရသလို နေ့စားငှားပြီး လယ်ကွက်အလိုက် ငန်းတိုက်လိုက်ကောက်တာတွေပြုလုပ်နေရတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ နွေစပါးစိုက်ဧက ၁၄ သိန်းကျော်ရှိပြီး စစ်အာဏာသိမ်းပြီးနောက် သွင်းအားစုတွေဈေး နှစ်ဆကျော်မြင့်တာလို့ ဝယ်မသုံးနိုင်တာနဲ့ ရွှေခရုကျတာတွေကြောင့် စပါးထွက်နှုန်းသိသိသာသာကျဆင်းနိုင်တယ်လို့ လယ်သမားအများစုက သုံးသပ်ပြောဆိုပါတယ်။