close

ရွှေဆိုင် ဓားပြမှု

close

March 22, 2023

မုံရွာမြို့တွင် ရွှေဆိုင်ဓားပြတိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ပေါ်ဦးရွှေဆိုင်ကို မတ် ၂၁ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်က ဓားပြတိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မျက်နှာဖုံးစွပ်နဲ့ လူ ၅ ယောက်က  ပေါ်ဦးရွှေဆိုင်ကို ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး  ရွှေထည်ပစ္စည်းနဲ့ ငွေကြေးတွေ ဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

မျက်မြင်တွေ့သူတဦးက “သူတို့လာတာက အိမ်စီးကားလေးနဲ့ ရောက်လာတယ်။ ကိုယ်လည်း ခါတိုင်းလို ရွှေဝယ်သူတွေလို့ပဲ ထင်နေတာပေါ့။ နောက်တော့ ကားပေါ်ကနေ မျက်နှာဖုံးစွပ်တွေနဲ့ ၅ ယောက်လောက် ဆင်းလာတာ မြင်လိုက်တော့ ဓားပြတိုက်ပြီဆိုတာ သိလိုက်တယ်။ သူတို့ ဓားပြတိုက်လို့သာ တိုက်တာ၊ ရွှေဆိုင်နဲ့ အနီးအနားမှာ မြန်မာ့စီးပွားရေးဘဏ်ကို စောင့်နေတဲ့ စစ်သားတွေ၊ ရဲတွေလည်း ရှိတယ်။ သူတို့လှုပ်ရှားတာလည်း မြန်တယ်။ ဆိုင်ထဲ ၅ မိနစ်လောက်ပဲ ကြာတယ်။ ပြန်ထွက်လာပြီး ကားကို မောင်းသွားတယ်။ လုယက်သူ‌တွေရဲ့ အသက်အရွယ် ဘယ်လောက်ရှိနိုင်သလဲဆိုရင် အသက်က ၂၀ ကျော်နဲ့ ၃၀ လောက်တွေ ဖြစ်ဖို့များမယ်”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မုံရွာမြို့ကိုလာရောက်ပြီး ရက်ပိုင်းအတွင်း လုံခြုံရေးတင်းကျပ် ချထားတဲ့ မုံရွာမြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ ဓားပြတိုက်မှုဖြစ်ပွားတာဖြစ်ပေမဲ့ ဓားပြတွေကို ဖမ်းဆီးနိုင်ခြင်းမရှိပါဘူး။

မုံရွာ မြို့ခံစီးပွားရေးသမားတစ်ဦးက “ကျနော်တို့ မြို့ပေါ်မှာ ဒီလောက်အချက်အချာကျပြီး လူစည်ကားတဲ့နေရာမျိုးမှာ လုယက်ဓားပြတိုက်တာဟာ တော်ရုံလူတွေ မလုပ်ရဲဘူးလေဗျာ။ ပေါ်ဦးရွှေဆိုင်က မုံရွာမှာ နှစ်ဆိုင်ရှိတာ။ တဆိုင်က မြို့လယ်မီးပွိုင့်အနီးက ပင်မဆိုင်၊ အခု လုယက်ဓားပြတိုက်ခံရတဲ့ဆိုင်က ဟောင်ကောင်ဖုန်းဆိုင်အနီးက ဆိုင်သစ်လို့ ပြောတယ်ဗျ။ အဲဒီဆိုင်အနားမှာ ဈေးလည်းရှိတယ်။ ပြောချင်တာကဗျာ လူလည်းမပြတ်၊ အမြဲစည်ကားနေတဲ့နေရာကို အခုလို ဓားပြတိုက်တာကတော့ သာမန်အရပ်သားတို့၊ PDF တို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဗိုလ်ချုပ်လမ်းမပေါ်မှာ သူတို့ကင်းပုန်းတွေ မိုးလင်း၊ မိုးချုပ်အထိ ရှိတယ်။ ဒါကို အတိုက်ခံရတာဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ”လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစပြီး သိန်းတရာရွှေဆိုင်၊ ပေါ်ဦးရွှေဆိုင်အပြင် Mobile One ဖုန်းဆိုင်နဲ့ ကုန်စုံဆိုင် ၅ ဆိုင်ထက်မနည်း လုယက် ဓားပြတိုက်ခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့လည်း ပြစ်မှုကျူးလွန်သူ တရားခံ တစ်ဦး တစ်ယောက်ကိုမှ မဖမ်းဆီးနိုင်သေးဘူးလို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

မုံရွာဒေသခံက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း PDF ရဲဘော်တွေအနေနဲ့ အဆိုပါ ဓားပြမှုတွေကို လုပ်ဆောင်ခဲ့တာမရှိဘူးလို့  ငြင်းဆိုထားပါတယ်။

5 mins Ago

August 31, 2022

လှိုင်းဘွဲမြို့နယ် ရွှေဆိုင် ၂ ဆိုင်မှ ရွှေချိန် ၂၀ ကျပ်သားကျော် ဓားပြတိုက်ခံရ

ကရင်ပြည်နယ်၊  လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ ကမ်းနားဈေးမှာ ဩဂုတ် ၃၁ ရက် မနက် ၉ နာရီခွဲလောက် လက်နက်ကိုင်လူတစုက သေနတ်ပစ်ဖောက်ပြီး ရွှေဆိုင် ၂ ဆိုင်ကနေ ရွှေချိန် ၂၀ ကျပ်သားကျော် ဓားပြတိုက်ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုဟာ ရွှေဂွန်းကျေးရွာတဖက်ကမ်းကနေ စက်လှေနဲ့ ကူးတိုဆိပ်ကတဆင့် ကမ်းနားဈေးကို ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်ကာ သရဖူနဲ့ ထွန်းရွှေ ရွှေဆိုင်၂ ဆိုင်ကနေ ရွှေချိန် ၂၀ ကျပ်သားကျော်၊ ကာလပေါက်ဈေး သိန်း ၇၀၀ နီးပါးဖိုးကို ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဆိုင်ဓားပြတိုက်မှုကို မျက်မြင်တွေ့ရှိသူတဦးက “လူအင်အား ၁၀ ယောက်ကျော် ရှိမယ်။ ဟိုဘက်ကမ်းကနေ စက်လှေနဲ့ရောက်လာတာ။ သေနတ်တွေကို မိုးပေါ်ထောင်ဖောက်ပြီး ရွှေတွေကို ယူဆောင်သွားတယ်။ ဆိုင်ရှင်က မင်းတို့ ဒီလောက်ယူရင် တော်ပြီပေါ့၊ ပြောတာကို ဓားပြတွေက ပါးစပ်ပိတ်ထားလို့ ပြန်ပြောတာတော့ ကြားလိုက်တယ်” လို့ ပြောပါတယ်။

အဆိုပါသေနတ်ပစ်ခတ်မှုကြောင့် ဈေးရောင်းဈေးဝယ်သူတွေဟာ ကြောက်လန့်ပြီး ထွက်ပြေးသွားကြသလို ရွှေဆိုင်ဓားပြတိုက်နေချိန်အတွင်း ရွှေဂွန်းရဲစခန်းဘက်ကနေ သေနတ်ပစ်ခတ်သံတွေ ထပ်မံကြားရပြီး လက်နက်ကိုင်လူတစုဟာ တိုက်ရာပါရွှေတွေကို ယူဆောင်ပြီးနောက် ကူးတို့ဆိပ်ကနေ စက်လှေနဲ့ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက် ညနေ ၃ နာရီလောက်က ဘားအံမြို့ အမှတ် ၉ ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးဘေးက CB Bank ခွဲမှာ ငွေကျပ်သိန်းထောင်ကျော် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ဇွန် ၄ ရက်နေ့မှာတော့ ဓားပြတိုက်သူတွေကို လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသမှာ စစ်ကောင်စီရဲ့ ရဲနဲ့ BGFတွေက ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ယာဉ်မောင်းဖြစ်သူသေဆုံးပြီး ၂ ဦး ဖမ်းဆီးရမိခဲ့သလို ကျန် ၂ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

အလားတူ မတ် ၄ ရက် ညနေ ၃ နာရီလောက်က ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့  ကမ္ဘောဇ (KBZ)ဘဏ်ခွဲ(၁)ကို အမည်မသိ လူ ၅ ဦးက သေနတ် ၂ ချက်ပစ်ဖောက်ပြီး ဘဏ်အတွင်းကနေ ငွေသားသိန်းထောင်ကျော်နဲ့ ဘဏ်ဝန်ထမ်းကိုင်ဆောင်တဲ့ဖုန်းကိုပါ ယူဆောင်သွားခဲ့ပါတယ်။ အဆိုပါ ဘဏ်ဓားပြတိုက်မှုကျူးလွန်သူတွေကိုတော့ ဒီနေ့အထိ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။

7 months Ago
Up