close

ရွှေဆိုင်

close

April 27, 2023

ရွှေဆိုင်နှင့် ရွှေကုန်သည်များ ဈေးလျှော့ရောင်းရန် ရွှေလုပ်ငန်းရှင်အသင်း မေတ္တာရပ်ခံ

ပြင်ပရွှေစျေး တကျပ်သားကို ကျပ်သိန်း ၃၀ ကျော်ထိ မြင့်တက်လာချိန်မှာ ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေကို ကျပ် ၂၉ သိန်းအောက် ဈေးလျှော့ရောင်းချကြဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မေတ္တာရပ်ခံစာ ထုတ်ပြန်လာပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရွှေစျေးအရ ရွှေဆိုင်တွေ၊ ရွှေကုန်သည်တွေအနေနဲ့ မီးလင်းရွှေ တကျပ်သားကို ကျပ် ၂၉ သိန်းအောက် ဝန်းကျင်နဲ့သာ အရောင်းအဝယ် ပြုလုပ်သင့်တယ်လို့ ယူဆကြောင်း YGEA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သင်္ကြန်မတိုင်ခင် ဧပြီလဆန်းက ကမ္ဘာ့ရွှေဈေး တအောင်စကို အမေရိကန်ဒေါ်လာ ၂,၀၂၀ အထက်မှာရှိခဲ့ပြီး သင်္ကြန်အလွန်ကာလမှာ အမေရိကန်ဒေါ်လာ ၂,၀၀၀ အောက်ကို ပြန်လည်ကျဆင်းလာပါတယ်။

ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာပေမဲ့ ပြည်တွင်းရွှေဈေးကတော့ ပြင်ပစျေးကွက်မှာ ကျပ် သိန်း ၃၀ ဝန်းကျင်ထိ မြင့်တက်နေတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေအနေနဲ့ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာပြီး ရွှေဝယ်ယူစုဆောင်းမှုတွေ များလာတာကြောင့် မြန်မာ့ရွှေဈေး မြင့်တက်နေရခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြတာပါ။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကတော့ ဒီနေ့ ဧပြီ ၂၇ ရက် ညနေပိုင်းမှာ ရွှေတကျပ်သားကို ကျပ် ၂,၃၅၅,၀၀၀ အဖြစ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။

1 hour Ago

April 21, 2023

သီပေါမြို့နယ်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့၊ မြောက်ပိုင်းရပ်ကွက်၊ နမ့်လန်မြို့မဈေးရှိ ရွှေဆိုင်တဆိုင်ကို ဧပြီ ၂၀ ရက် မနက်ပိုင်းမှာ လူတဦးက သေနတ်ပြ ဓားပြတိုက်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနက် ၈ နာရီလောက်မှာ ပြည့်ဝရွှေဆိုင်ကို ဆိုင်ကယ်စီးလာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးက ပစ္စတိုသေနတ်နဲ့ချိန်ထားပြီး ရွှေထည်ပစ္စည်းတွေ လုယူခဲ့တာပါ။

ဆိုင်ရှင်အမျိုးသားက ‌‌ သေနတ်ကိုင်ထားတဲ့ ဓားပြကို ဆိုင်ရှိဓားနဲ့ ဝင်ခုတ်ပြီး လုံးထွေးနေချိန် ဓားပြက ရွှေဆွဲကြိုး ၇ ကုံးနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

နမ့်လန်မြို့ခံတဦးက “မနက်ပိုင်း ဈေးကြီးဖွင့်ချိန်လောက်က ဖြစ်တာ။ အပြင်တန်းကတော့ မနက်အစောကတည်းက ဖွင့်ထားတာ။ ဆိုင်လာဖွင့်ခါစမှာ ဓားပြတိုက်ခံရတာလို့ ကြားတယ်။ အဲ့အချိန် လူကလည်းရှိပါတယ်။ သေနတ်ပြပြီး ကောင်တာထဲက ဆွဲကြိုး ၇ ကုံး‌လောက် ယူသွားတာ၊ ပြန်တော့ရပါပြီ” လို့ ပြောပါတယ်။

ဈေးအနီးရှိ လူတွေနဲ့ လုံခြုံရေးတွေက လိုက်လံဖမ်းဆီးခဲ့တာကြောင့် နမ့်လန်မြို့၊ နမ့်မလွတ်တောင်အနီးမှာ ဓားပြတိုက်သူကို ပစ္စတိုသေနတ်တလက်၊ ၉ မမ ကျည် ၄ တောင့်၊ ရွှေဆွဲကြိုး ၇ ကုံး၊ ဆိုင်ကယ်နဲ့အတူ ဖမ်းမိခဲ့ပြီး နမ့်လန်ရဲစခန်းကို ပို့ဆောင်ထားကာ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

နမ့်လန်မြို့၊ မြောက်ပိုင်းရပ်ကွက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က သစ်ဆန်းရွှေဆိုင်ကို လူနှစ်‌ဦးက သေနတ်ပြ ဓားပြတိုက်ခဲ့လို့ ရွှေထည်ပစ္စည်း အပါအဝင် ကျပ်ငွေ သိန်း ၃၀၀ ခန့် ဆုံးရှုံးခဲ့ရပြီး ဓားပြတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

ဓာတ်ပုံ ( PAN )

6 days Ago
Up