close

ရွှေဈေးကွက်

close

August 8, 2022

နေပြည်တော်ရွှေဈေးကွက် အရောင်းအဝယ်မရှိသလောက်ဖြစ်နေ

၁၆ ပဲရည်ရွှေတကျပ်သားကို ပြင်ပပေါက်ဈေး ၂၂ သိန်းဝန်းကျင် ဖြစ်နေပြီး နေပြည်တော် ရွှေဈေးကွက်မှာ အရောင်းအဝယ်မရှိသလောက် ဖြစ်နေတယ်လို့ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

မြန်မာ့ရွှေဈေးဟာ ပြီးခဲ့တဲ့လတွေက စတင်ပြီး တစတစမြင့်တက်လာတာဟာ အခုဆိုရင် ၁၆ ပဲရည်တကျပ်သားကို ၂၂ သိန်းဝန်းကျင်အထိ ရောက်ရှိနေတာပါ။ ဒီဈေးတန်းနဲ့ ဝယ်လိုသူမရှိတဲ့အတွက် အရောင်းအဝယ်ဖြစ်ရုံလောက်သာရှိတယ်လို့ ဆိုပါတယ်။

“အမတို့ဆို လုံးလုံးကို မရောင်းရတော့ဘူး။ ဒီဈေးနဲ့က အဝယ်ကိုမရှိတာ။ အမတို့ဆီကို ပြန်‌လာပြီး ရောင်းတာလောက်ပဲရှိတယ်။ ဆိုင်ဖွင့်တယ်ဆိုတာပဲရှိတယ်။ တခါတလေဆို တနေကုန် အရောင်းအဝယ် မဖြစ်တယ်လည်းရှိတယ်” လို့ ပျဉ်းမနားမြို့က ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

ရွှေအရောင်းအဝယ် မဖြစ်တဲ့အပြင် ပြင်ပပေါက်ဈေးမြင့်တက်နေတာကြောင့် လုံခြုံရေးအရ၊ ရွှေတွေကို ဆိုင်မှာ တချို့တဝက်သာ ခင်းကျင်းပြသနိုင်တော့တယ်လို့ ဆိုပါတယ်။

“အဲဒါက ကြာပါပြီ။ ဈေးတွေက တက်နေ‌တော့ လုမှာကို ကြောက်ရတာရယ်၊ နိုင်ငံရေးအခြေအနေအရရယ် သိပ်ပြီးတင်မထားရဲတော့ဘူး။ တင်ထားလည်း တင်ထားတာပဲရှိတာပါ”လို့ ရွှေဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ စစစ အဖွဲ့က ရန်ကုန်မြို့မှာ ရွှေဈေးကွက်ကစားသူတွေလို့ ယူဆရသူတချို့ကို ဖမ်းဆီးမှုတွေ ရှိခဲ့ပြီးနောက်မှာတော့ ရွှေဈေးတက်နေခြင်း ရပ်တန့်နေပြီး အရောင်းအဝယ်တွေကတော့ အေးစက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

9 hours Ago

May 4, 2022

ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိစေရေး ပြည်ပမှ ရွှေတင်သွင်းမည်

မြန်မာပြည်တွင်းဈေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိအောင် ပြည်ပကနေ ရွှေတင်သွင်းဖို့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီကနေ့ မေလ ၄ ရက် မနက်ပိုင်း အသင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုဘဏ်ကို ရွှေရောင်းချပေးရေး တင်ပြဖို့ကိစ္စ အပါအဝင် ဆုံးဖြတ်ချက် ငါးချက်ကို ချမှတ်ခဲ့တယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေက ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ သတ်မှတ်ဈေးနှုန်းကို ၅,၀၀၀ ကျပ် ပေါင်းထည့်ပြီး ရလာတဲ့ဈေးနှုန်းနဲ့ အရောင်းအဝယ်ပြုလုပ်ဖို့၊ ရွှေတွင်းလိုင်စင်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပြီး ရွှေဝယ်ယူမှု ဆောင်ရွက်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုတွေမှာ တိုင်းနဲ့ ပြည်နယ်အသင်းတွေနဲ့ ဆက်သွယ်ပြီး တားဆီးဆောက်ရွက်ဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

အခုလို စစ်ကောင်စီနဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) တို့က ရွှေဈေးနှုန်း ကျဆင်းတည်ငြိမ်ဖို့ ကြိုးပမ်းနေပေမဲ့ လက်တွေ့ ရွှေဈေးကွက်မှာတော့ အခေါက်ရွှေ အရောင်းအဝယ် ရပ်တန့်နေပါတယ်။

"ဈေးကတော့ သူတို့ကြိုက်သလို သတ်မှတ်နေတာ၊ လေဈေးပဲ။ အဲ့ဈေးနဲ့ အပြင်မှာ ဘယ်ရွှေဆိုင်မှ မရောင်းဘူး။ တချို့ဆိုင်တွေဆိုရင် အခေါက်ရွှေကို လုံးဝကို မရောင်းကြတော့တာ" လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။

ဒီနေ့မှာ ရန်ကုန်တိုင်း ရွှေအသင်းရဲ့ သတ်မှတ်ရွှေဈေးနှုန်းက တကျပ်သားကို ကျပ် ၁,၉၈၉,၃၀၀ ဖြစ်ပြီး ဈေးထပ်မံကျဆင်းခဲ့ပေမဲ့ အဲဒီဈေးနဲ့ ပြင်ပရွှေဆိုင်တွေမှာ အရောင်းအဝယ် ပြုလုပ်ခြင်း မရှိပါဘူး။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို မြန်မာငွေ ၁,၈၅၃ ကျပ် ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ သတ်မှတ်ပြီးနောက် အဲဒီနှုန်းထားနဲ့အညီ ပြည်တွင်းရွှေဈေးကွက်ကို ဖွင့်လှစ်ရောင်းချနိုင်ဖို့ စစ်ကောင်စီက လုပ်ဆောင်လာခဲ့တာပါ။

ရွှေဈေးနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ ဈေးကွက်ပေါက်ဈေးနဲ့ သတ်မှတ်ဈေး ကွာဟချက် ကြီးနေတာကြောင့် အခုအချိန်ထိ အဲဒီသတ်မှတ်ဈေးနဲ့ ရောင်းချနိုင်ခြင်း မရှိသေးဘူးလို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

လုပ်ငန်းရှင်တဦးက “ဈေးကွက်အဖွင့်ဈေးကို သူတို့ ဖြစ်စေချင်တဲ့အတိုင်း သတ်မှတ်ကြတယ်လေ။ ကုန်သည်တွေကကျ အဲဒီဈေးနဲ့ အရောင်းအဝယ် မလုပ်နိုင်ကြဘူး။ အခုဆိုရင် ဈေးကွက်မှာ အရောင်းအဝယ်မရှိ ဖြစ်နေတာ ကြာပြီ” လို့ ပြောပါတယ်။

ဧပြီ ၈ ရက်က ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းနဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ် ပြုလုပ်မယ်လို့ ရန်ကုန်ရွှေအသင်းက ထုတ်ပြန်ပြီးနောက် မြန်မာ့ရွှေဈေးကွက် ကမောက်ကမ ဖြစ်နေခဲ့တာ အခုချိန်ထိပါ။

ရွှေဈေးအတက်အကျ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြင်ပရွှေဆိုင်တွေ အနေနဲ့လည်း ဈေးသတ်မှတ်ဖို့ ခက်ခဲလာသလို အခေါက်ရွှေ အရောင်းအဝယ်လည်း ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။

3 months Ago
Up