ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ဧပြီ ၂၇ ရက်က တကျပ်သားကို ကျပ်သိန်း ၃၀ ကျော်ထိ မြင့်တက်ခဲ့ရာက ဧပြီ ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ တကျပ်သားကို ၂,၉၉၀,၀၀၀ ကျပ် ဝန်းကျင်ထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။
ဆက်တိုက်အကျရှိနေတဲ့ ကမ္ဘာ့ရွှေ့ဈေးနဲ့အတူ ပြည်တွင်းဈေးပါ လိုက်ကျလာတာပါ။
သင်္ကြန်မတိုင်ခင်က တအောင်စကို အမေရိကန်ဒေါ်လာ ၂,၀၂၀ အထက်ထိ မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးက သင်္ကြန်အလွန်ကာလမှာ ဆက်တိုက်အကျရှိလာပြီး ဒီနေ့မှာ တအောင်စကို ၁,၉၈၇ ဒေါ်လာနဲ့ စျေးဖွင့်ခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာပေမဲ့ ပြည်တွင်းရွှေဈေးနှုန်းတွေကတော့ သိသိသာသာ လိုက်ပါကျဆင်းခြင်းမရှိဘဲ ကျပ် ၂,၉၈၀,၀၀၀ နဲ့ ၂,၉၉၀,၀၀၀ ဝန်းကျင်မှာပဲ ရပ်တန့်နေပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းပြီး ကျပ်ငွေအစား ရွှေဝယ်ယူစုဆောင်းမှုတွေ ပြုလုပ်ခဲ့ကြပေမဲ့ ပြန်လည်ရောင်းချမှုက နည်းနေတာကြောင့် အခုလို ရွှေဈေးမြင့်တက်နေတာဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တဦးက မှတ်ချက်ပြုထားပါတယ်။
“အရောင်းကော အဝယ်ကော အေးပါတယ်။ ဝယ်တဲ့သူကလည်း စောင့်ကြည့်နေသလို ရောင်းတဲ့သူကလည်း မထုတ်ရဲဘူး ဖြစ်နေတယ်” လို့ ရွှေဆိုင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ပြည်တွင်း ဒေါ်လာငွေလဲဈေးကလည်း ဒီကနေ့ ပြင်ပပေါက်စျေးက တဒေါ်လာကို အဝယ် ၂,၈၅၅ ကျပ်နဲ့ အရောင်း ၂,၈၇၀ ကျပ်ရှိပြီး ပြန်လည် တက်ရိပ်ပြလာပါတယ်။
မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာငွေလဲနှုန်းအပေါ် မူတည်ပြီး အတက်အကျ ဖြစ်ပေါ်နေတာပါ။
မနေ့က ပြင်ပဈေးကွက်မှာ ရွှေတကျပ်သားကို ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက်လာပြီးနောက် ရွှေဆိုင်တွေအနေနဲ့ သတ်မှတ်ဈေးန်း ၂၉ သိန်းဝန်းကျင်နဲ့သာ ရောင်းချပေးကြဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ဒီနေ့ ဧပြီ ၂၈ ရက် မနက်ပိုင်းမှာ ပြည်တွင်းက ရွှေဆိုင်တွေကို ဖိတ်ကြားပြီး ရွှေဈေးနှုန်းတည်ငြိမ်စေရေး အစည်းအဝေးတရပ်ကို YGEA က ပြုလုပ်ခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ အသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ရွှေကို သတ်မှတ်ဈေးနှုန်းထက် အဆမတန်မြှင့်ပြီး မရောင်းချကြဖို့နဲ့ တရားမဝင်ပုဂ္ဂိုလ်တွေ၊ တရားမဝင်ပစ္စည်းတွေကို အရောင်းအဝယ်မလုပ်ကြဖို့ ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေကို မေတ္တာရပ်ခံ ပြောကြားခဲ့တယ်လို့ YGEA ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ရွှေဆိုင်တွေ၊ ရွှေလုပ်ငန်းရှင်တွေကို အရောင်းအဝယ်ပြုလုပ်ရာမှာ အဆင်ပြေစေဖို့အတွက် သတ္တုလိုင်စင်တွေ လျှောက်ထားဖို့လည်း တိုက်တွန်းခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြင်ပရွှေစျေး တကျပ်သားကို ကျပ်သိန်း ၃၀ ကျော်ထိ မြင့်တက်လာချိန်မှာ ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေကို ကျပ် ၂၉ သိန်းအောက် ဈေးလျှော့ရောင်းချကြဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မေတ္တာရပ်ခံစာ ထုတ်ပြန်လာပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရွှေစျေးအရ ရွှေဆိုင်တွေ၊ ရွှေကုန်သည်တွေအနေနဲ့ မီးလင်းရွှေ တကျပ်သားကို ကျပ် ၂၉ သိန်းအောက် ဝန်းကျင်နဲ့သာ အရောင်းအဝယ် ပြုလုပ်သင့်တယ်လို့ ယူဆကြောင်း YGEA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
သင်္ကြန်မတိုင်ခင် ဧပြီလဆန်းက ကမ္ဘာ့ရွှေဈေး တအောင်စကို အမေရိကန်ဒေါ်လာ ၂,၀၂၀ အထက်မှာရှိခဲ့ပြီး သင်္ကြန်အလွန်ကာလမှာ အမေရိကန်ဒေါ်လာ ၂,၀၀၀ အောက်ကို ပြန်လည်ကျဆင်းလာပါတယ်။
ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာပေမဲ့ ပြည်တွင်းရွှေဈေးကတော့ ပြင်ပစျေးကွက်မှာ ကျပ် သိန်း ၃၀ ဝန်းကျင်ထိ မြင့်တက်နေတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေအနေနဲ့ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာပြီး ရွှေဝယ်ယူစုဆောင်းမှုတွေ များလာတာကြောင့် မြန်မာ့ရွှေဈေး မြင့်တက်နေရခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြတာပါ။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကတော့ ဒီနေ့ ဧပြီ ၂၇ ရက် ညနေပိုင်းမှာ ရွှေတကျပ်သားကို ကျပ် ၂,၃၅၅,၀၀၀ အဖြစ် သတ်မှတ်ထုတ်ပြန်ထားပါတယ်။