ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့၊ တောင်ကြီး-ကလော ကားလမ်းမကြီးဘေးရှိ ရွှေညောင်နယ်မြေခံရဲစခန်းကို ဒီဇင်ဘာ ၇ ရက် ညနေ ၃ ခွဲလောက်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေညောင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (S.N.PDF) က ထုတ်ပြန်ပါတယ်။
“grenade (ဗုံး) နဲ့ သွားပစ်ခဲ့တာပါ။ စစ်(--) နဲ့ ရဲ(--) အင်အား ၁၅ ယောက်ဝန်းကျင် ခန့်မှန်းခြေ ရှိပါတယ်ဗျ။ သူတို့ဘက်က အထိအခိုက်တော့ မသိရသေးပါဘူး” လို့ S.N.PDF က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီစခန်းတွေ၊ ကားတွေ၊ တပ်သားတွေနဲ့ တတ်နိုင်သမျှ ခပ်ဝေးဝေးနေကြဖို့၊ ထိခိုက်မှုတစုံတရာဖြစ်လာပါက တာဝန်ယူ ဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့ ရွှေညောင်မြို့ ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းလည်း ရွှေညောင်မြို့ နယ်မြေရဲစခန်းကို ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ဗုံးခွဲတိုက်ခိုက်ခဲ့လို့ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ နယ်မြေရဲစခန်းကို မတ်လ ၈ ရက်၊ နေ့လယ်က ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ JPGF က ထုတ်ပြန်ထားပါတယ်။
ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ကို မတ်လ ၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စတင်ဖွဲ့စည်းတဲ့နေ့မှာပဲ ပင်းတယမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။
JPGF အနေနဲ့ "ဝုန်းဒိုင်း" စစ်ဆင်ရေးအမည်နဲ့ ဟဲဟိုးမြို့အတွင်းရှိ နယ်မြေရဲစခန်းနဲ့ လျှပ်စစ်မီတာရုံးအတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဗုံးခွဲတိုက်ခိုက်တာတွေ အပါအဝင် စစ်ဆင်ရေး ၆ ကြိမ်ခန့် ပြုလုပ်ခဲ့သလို စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့ နေရာဌာနတွေ၊ ဒလန်တွေ၊ ပျူစောထီးတွေနဲ့ သူတို့ရဲ့ ထောက်တိုင်တွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။